Nov 10, 2012

ဒေါ်စု ဓနုဖြူခရီးစဉ်က ပြဿနာဟာ NLD နဲ့နိုင်ငံရေးသမားတွေ အကွက်ဆင်ခြင်းသာဖြစ်ပြီး အရင်အစိုးရစနက်မဟုတ်ခဲ့ကြောင်း ဓနုဖြူရှင်းတမ်း ဟု ဖြေရှင်းပြီ(စစ်ဗိုလ်(Captain)လေး)

၁၁.၁၀.၂၀၁၂ နေ့စဉ်ထုတ် HotNews ဂျာနယ်ပါ “အောင်မြင်သူ” သို့ အိပ်ဖွင့်ပေးစာ အဆက်(သို့) ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဓနုဖြူရှင်းတမ်း ဖြစ်ပါတယ်။ ဆရာကြီးအောင်သင်း စာပေဟာပြောပွဲတစ်ခုမှာ ပြောခဲ့သလို အနာဂတ်ကို သစ္စာမဖေါက်တဲ့အတွက် အတိတ်က ဖြစ်ရပ်မှန်တွေကို ရေးသွားပါ့မယ်။


ဓနုဖြူဖြစ်စဉ်နဲ့ ပတ်သတ်ပြီးနှောင်းလူတို့ အမှတ်မမှားစေလိုတဲ့ စိတ်ရင်းနဲ့ပါ၊ သက်ရှိထင်ရှား ရှိနေသူများ အနေနဲ့ မမှန်ဘူးဆိုရင်လည်း ဝေဖန်ထောက်ပြနိုင်ပါတယ်။။ အဲဒီအချိန် ၁၉၈၉ခုနှစ် နှစ်ဆန်းပိုင်းမတ်လကုန် ဧပြီလဆန်းလို့ ထင်ပါတယ်။ မ.ဝတ ဥက္ကဌ ဗိုလ်မှူးတင်ဖေအေး(ကွယ်လွန်)နဲ့ အတွင်းရေးမှုးက စာရေးသူပါ။(စာရိုက်သူမဟုတ်ပါ) ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဧရာဝတီတိုင်း မြို့နယ်အသီးသီးကို NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လှည့်လည်ကွင်းဆင်းရင်း ဓနုဖြူ ရောက်ရှိပြီး ဖြစ်ပျက်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် ဓနုဖြူလာမယ့်ကိစ္စနဲ့ ပက်သက်ပြီး NLD ဥက္ကဌ ဦးထွန်းရှင်(ခ)ဦးပါကြီး၊ဒုဥက္ကဌဦးသောင်းရီ(ရှေ့နေ) အတွင်းရေးမှူး ကိုကျော်ကြီးတို့နဲ့ မ.ဝ.တ ရုံးမှာ အကြိမ်ကြိမ် တွေ့ဆုံညှိနိုင်းကြပါတယ်။
ပညာတတ်တတ်ရန်မလို.တွေးခေါ်တတ်ရန်မလို.ဒေါ်စုကို လက်ချင်းချိတ် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လုပ်တတ်ရန်သာလိုသည်


မြို့တွင်းဝင်ရောက်မယ့် လမ်းကြောင်း စုဝေးဟောပြောမယ့်နေရာ၊ နယ်ကျေးရွာတွေကို သွားမယ့် သင်္ဘောဆိပ်၊ ပြန်ဝင်မယ့် သင်္ဘောဆိပ် နောက်ဆုံးမြို့ကနေ ပြန်လည်ထွက်ခွာသွားမယ့် လမ်းကြောင်းကအစ အပြန်ပြန် အလှန်လှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ သဘောတူညီပြီးအချက်တွေကို သူတို့လည်း သူတို့ အထက် အဖွဲ့အစည်းအဆင့်ဆင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ အထက်ခရိုင်(မြို့နယ်စု) တိုင်း အဆင့်ဆင့်တင်ပြပြီး လုံခြုံရေးစီမံချက်တွေ ရေးဆွဲခဲ့ကြပါတယ်။ ကျွန်တော်တို့ ရေးဆွဲခဲ့ကြတဲ့ လုံခြုံရေးစီမံချက်ဆိုတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးက အဓိကပါ။
လမ်းပေါ်မှာ လူစုလူဝေး ဖြစ်ပြီး မလိုလားအပ်တဲ့ အဖျက်အမှောင့်တစ်စုံတစ်ရာ ပေါ်ပေါက်လာမှာကို မ.ဝ.တ အနေနဲ့ အစိုးရိမ်ဆုံးပါ။ မှန်ရာပြောရင်သစ္စာပါ။ ဘာပြဿနာတစ်စုံတစ်ရာမှာ မရှိပဲ အေးအေးချမ်းချမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ စည်းရုံးရေးခရီးစဉ်ကနေ အမြန်ဆုံးပြန်လည်ထွက်ခွာ သွားစေချင်တာ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲက ဆန္ဒအမှန်ပါ။

လုံခြုံရေးစီမံချက်အရ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်အစပ် စက္ကော-ဓနုဖြူ ကားလမ်းပေါ်က ထော်ကလို့ဆိုတဲ့ ရွာလေးမှစပြီး မော်တော်ယာဉ်ဖြင့် ဓနုဖြူ၊ ဓနုဖြူမှ ကမ်းကမ်းငူကြီး၊ ဆကာကြီးစတဲ့ ကျေးရွာများသို့ ရေယာဉ်ဖြင့် အဲဒီရွာများက ပြန်လာပြီး ဓနုဖြူကနေပြန်လည်ထွက်ခွာသည်အထိ အနီးကပ်လုံခြုံရေးက ဥက္ကဌ(ဗိုလ်မှုးတင်ဖေအေး)ဗိုလ်မှူးမောင်ထွန်း ခ.မ.ရ(၁၀၈)ဦးတင်စိန်(ရဲမြို့နယ်မှူး)တို့က ဆောင်ရွက်ပြီး ကျွန်တော်က ခရီးစဉ်လမ်းကြောင်းပေါ်မှာ မဟုတ်တဲ့ ဆက်သွယ်ရေးရုံး(မဟာဗန္ဓုလလမ်းနဲ့ ရတနာသီရိလမ်းထောင့်)မှာ တာဝန်ယူရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့များ နံနက်ပိုင်းမှာ မော်တော်ယာဉ်တန်းဖြင့် ဝင်ရောက်လာပြီး ဓနုဖြူမြို့နယ် NLDရုံးစိုက်ရာ မဟာဗန္ဓုလလမ်းက ဦးကျော်မင်းအိမ်မှာ စုဝေးဟောပြောကြပါတယ်။


အဲဒီနောက် ဓနုဖြူမြို့နယ် ဧရာဝတီ မြစ်ရိုးပေါ်က ကမ်းငူကြီး၊ ဆကာကြီး စတဲ့ ကျေးရွာများကို ရေလမ်းခရီးအတိုင်း ကြိုတင်ညှိနှိုင်း သတ်မှတ်ထားတဲ့ ကြားသင်္ဘောဆိပ်(မ.ဝ.တရုံးအနီး) ကနေ သွားကြတယ်။ အဲဒီခရီးစဉ်ကနေ ဓနုဖြူကို ပြန်ဝင်ရင်လည်း ကြားသင်္ဘောဆိပ်ကပဲ ပြန်ဝင်ရမှာပါ။ အသွားမှာ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့သော်လည်း အပြန်ခရီးစဉ်မှာတော့ ကြိုတင်ညှိနှိုင်းထားတဲ့ ကြားသေင်္ဘာဆိပ်ကနေ ကမ်းပေါ်မတက်ဘဲ ပိတောက်ပင်ဆိပ်(မြို့မ ဓမ္မာရုံထိပ်)ကနေ လူစုလူဝေးနဲ့ ဓနုဖြူမြို့မဈေးကို ဖြတ်ပြီး လာတာကြောင့် အဲဒီမှာ ပြဿနာစဖြစ်တာပါပဲ။ ဒီနေရာမှာ စာဖတ်သူ ပြည်သူများကို နည်းနည်းရှင်းပြလိုပါတယ်။ အမှန်တကယ် သူတို့ဝင်ရောက်ရမယ့် ကြားသင်္ဘောဆိပ်ဟာ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့ရဲ့ တောင်ဘက် သူတို့မြို့နယ်ရုံးတွေ ရဲစခန်းတွေ ရှိတဲ့နေရာ လုံခြုံစိတ်ချရမှု အပြည့်ရှိတယ်။ တကယ်တမ်း ဝင်လာတာက မြောက်ဘက်က NLD မြို့နယ်ရုံးနဲ့လည်း အများကြီးဒေတယ်။ ဈေးအလယ်ကဖြတ်လာတာ။

စည်းရုံးရေးခရီးစဉ်မှာ ပါလာသူတွေ ဈေးရောင်း ဈေးဝယ်တွေနဲ့ ရောထွေးသွားတယ်။ လုံခြုံရေးအရ မဖြစ်သင့်ဘူး။ ကြိုတင် ညှိနှိုင်းထားတဲ့ လမ်းကြောင်းလည်း မဟုတ်တဲ့အတွက် တာဝန်အရ တားဟယ်၊ ဆီးဟယ်၊ ပစ်မယ်၊ ခတ်မယ်၊ ဖြစ်ကြတယ်။ ဖြစ်စဉ်ကတော့ ဒါပါပဲ။ အဲဒီအချိန်မှာ ဗိုလ်မှူး တင်ဖေအေးနဲ့ ဗိုလ်မှုးမောင်ထွန်းတို့ ရောက်လာပြီး ဆက်မလုပ်ဖို့ ကျွန်တော့်ကို တားမြစ်ခဲ့တယ်။ (ဆရာအောင်မြင်သူရေးသလို ဒါစစ်မြေပြင်မဟုတ်ဘူး၊ နိုင်ငံရေး ဂဠုန်ဦးစောလို မဖြစ်စေချင်ဘူး ဆိုတဲ့ စကားလုံးမျိုးတွေ မပြောခဲ့ဘူးဆိုတာကတော့ သက်ရှိထင်ရှား ရှိနေတဲ့ ဗိုလ်မှူးမောင်ထွန်းကိုသာ မေးကြည့်ပါ)

ဓနုဖြူဈေးအတွင်းလမ်းကလေးက ပေ၂၀လောက်ပဲ ကျယ်ပါတယ်။ လမ်းဘေးဆင်းလျောက်စရာ ဘာပလက်ဖေါင်းမှလဲမရှိ၊ လမ်းအရှည်ကလည်း မြောက်ဘက်ထိပ်ကနေ ဆက်သွယ်ရေးရုံးထောင့်အထိ ပေ၁၀၀၀လောက်ပဲ ရှည်ပါတယ်။ လူစုလူဝေးက ဈေးတစ်ဝက်ကိုရောက်နေပြီဆိုတော့ လုံခြုံရေးအဖွဲ့နဲ့ ပေ၅၀၀ထက် ပိုမဝေးတော့ပါဘူး။ တကယ်သာသွေးဆာနေခဲ့ရင် စာဖတ်သူအနေနဲ့ စဉ်းစားကြည့်ပါ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး န.တ.ခ(ပုသိမ်)မှာ ခုံရုံးဖွဲ့စစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။ အထက်မှပေးအပ်သော အမိန့်နဲ့တာဝန် ဝတ္တရားများကို ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း ၁၂ရက်တိတိ ဖြေရှင်းခဲ့ရပါတယ်။ အကယ်၍သာ ဗိုလ်မှူးတင်ဖေအေးနှင့် ဗိုလ်မှူးမောင်ထွန်းတို့ ဝင်မတားဖြစ်ခဲ့ရင် ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့အထိ ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါတယ်။

“ဒါဆို မင်းက တကယ်ပစ်မှာလား” လို့ စာဖတ်သူများ သိချင်နေပါလိမ့်မယ်။ ဟုတ်တယ်။ ကျွန်တော် တကယ်ပစ်မှာပါ။ ဒါပေမယ့် စစ်မြေပြင်မှာ ရန်သူကိုချေမှုန်းသလို ပစ်မှာမဟုတ်ပါဘူး။ တပ်မတော်က သင်ပေးထားတဲ့ လုပ်နည်းစနစ်(procedure)အတိုင်း လူစုလူဝေး ကွဲသွားအောင် လူအုပ်ကိုကျော်ပြီး ခြောက်လှန့်ပစ်ခတ်မှာပါ။ လူစုမကွဲသေးရင်လည်း နောက်တစ်ဆင့်အနေနဲ့ ခေါင်းဆောင်ဟု ယူဆရသူ(သို့) အလံကိုင်ထားသူအား အသက်အန္တရာယ်မဖြစ်စေသောနည်း ခါးအောက်ပိုင်းကိုသာ ချိန်ရွယ်ပစ်ခတ်ရမှာပါ။ အဲသလိုပစ်ခတ်ရတဲ့ အဆင့်အထိရောက်ခဲ့ရင်လည်း အများပြည်သူစိုးရိမ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုထိမှန်မှာ မဟုတ်ပါဘူး။ဝန်းရံ့ထားတဲ့ ဆယ်ကျော်သက် ပင်နီတိုက်ပုံဝတ် လူကယ်လေးတွေကိုသာ ထိခိုက်မှာပါ။

ပစ်မယ်ခတ်မယ်ဆိုတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သေနှတ်ပြောင်းဖျားတွေကို ဖယ်ရှားပြီးသွားခဲ့တာလည်း မဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့ကလည်း အနီးကပ်ဆုံးဓါတ်တိုင်တွေကို ဖေါ်ပြပြီး စည်းသုံးတန်သတ်မှတ်ကြောင်း အသံချဲ့စက်နဲ့ကြေညာပါတယ်။ လူစုလူဝေးကြီးကလည်း ဒုတိယလိုင်းလောက် အရောက်မှာ ရပ်တန့်နေတယ်။ အဲဒီအချိန် ဗိုလ်မှူးနှစ်ယောက်က လုံခြုံရေးအဖွဲ့ကို တားမြစ်ဖယ်ရှားပြီးမှ လူစုလူဝေးကြီးက လုံခြုံရေးအဖွဲ့ကို ကျော်ဖြတ်သွားတာပါ။ ဝါးခမောက်ကြီးဆောင်းထားတဲ့ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)နဲ့ Colonel Kyi Mg(ဦးကြည်မောင်) တို့ကိုတော့ လူစုလူဝေးရှေ့မှာ သတိထားမိလိုက်ပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

ကိုကျော် said...

ဒီ ဆောင်းပါးတွေကို ဖတ်ရတော့ အောင်မြင်သူဆိုတဲ့ စာရေးဆရာသည် တပ်ရင်းမှူးဘ၀ လွယ်ပုံလောင်းစခန်း ကျရှုံးခဲ့သဖြင့် သူဘ၀လမ်းကြောင်း ထိခိုက် နစ်နာခဲ့၇မှု့ အပေါ် နာကျည်းစိတ်ဖြင့် တပ်မတော် အတွင်းတချိန်က လုပ်ဆောင်ခဲ့ရသူများအနေဖြင့် ယခုအခါ စိတ်ဝမ်းကွဲပြားလာစေရန် ၊ လက်ရှိပြောင်းလဲလာသည့် နိုင်ငံရေး အကွက်တွင် တနေရာ ရမလားဆိုသည့် ထွင်လုံးများဖြင့် ဆောင်ရွက်နေသည်ဟု ရှူ့မြင်မိပါသည် ။ တဘက်က ကြည့်လျှင်လည်း လက်ရှိ လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းမှသွေဖီပြီး နောက်ပြန်လှည့်စေလိုသော သဘောဖြစ်အောင် ဖန်တီးရေးသားခြင်းမျိုး တွေ့နေရပါသည် ။ တာဝန်နှင့် သစာဖောက်ဆိုသည့် စကားအနက် အဓိပါယ်ကို လက်တလုံးခြား လုပ်တာဖြစ်နေပါသည် ။ တခုမေးချင်ပါသည်။ အဲဒီ အချိန်တုန်းက မလိုအပ်ပဲ ဒေါ်စုကိုသာ တခုခု တနည်းနည်းကြောင့် လုပ်ကြံခံခဲ့ရလျင် ၀ိုင်းလက်ညှိုးထိုးခံရမှာ တချိန်က အစိုးရဖြစ်သွားမည် မဟုတ်ပါလား။ တာဝန်ရှိသည့် အနီးကပ်ဆုံးသူများမဟုတ်ပါလား။ ဒါကြောင့် တာဝန်ကြီး ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးအနေဖြင့် ဒီလိုစကားလုံးများ ဘာအတွက်သုံးစွဲခဲ့သည်အား ခွဲခြမ်းစိတ်ဖြာနေမိပါသည်။ ဦးစော ကအာဏာလိုချင်လို့ စနစ်တကျ စီစဉ်ခဲ့တာ ၊ ဒီ စစ်ဗိုလ်က သူဧရိယာထဲမှာ မလိုလားအပ်တဲ့ အဖြစ်တွေ မဖြစ်အောင် ဒေါ်စုကို တခုခုဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်နဲ့ တာဝန်ထမ်းဆောင်တာ ၊ တူပါသလား။ ကိုယ့်နာကျဉ်းချက်ကြောင့် တပ်မတော်နဲ့ ပြည်သူ ၊ တပ်မတော်အတွင်း စိတ်ဝမ်းကွဲပြားမှု့တွေမဖြစ်အောင် သတိပြုသင့်ပါတယ်။ Hot News ဂျာနယ်က ဆောင်းပါး အားလုံးကို ဖတ်ပြီး ဆင်ခြင်မိတာပါ။ တချိန်က တာဝန်ထမ်းဆောင်မှု့တွေဟာ ဒီနေ့ တရားခံဖြစ်ရမယ်ဆိုရင် ဘယ်သူမှ တာဝန်ယူစိတ်နဲ့ လုပ်တော့မှ မဟုတ်လို့ တိုင်းပြည်ဟာလည်း ကျွန်ဖြစ်စရာပဲ ဖြစ်ပါလိမ့်မယ်။ ရွှေသုတ်သား (ဥပဒေ)ဆိုတဲ့ NLD ကဆိုသူကလည်း အဲဒီ စစ်ဗိုလ် အပေါ် အခဲမကျေစိတ်နဲ့ Best man နဲ့ ပြောမိသလိုနဲ့ တပ်မတော်ရဲ့ အထက်ကိုပုန်ကန်မှု့ဖြစ်အောင် ဖန်တီးတဲ့ ပုံရိပ် ကိုလည်း တွေ့ရပါတယ်။ တခုတော့ပြောချင်ပါတယ်။ တပ်မတော်မှာ ရှိတဲ့ အထက်အောက် ရဲဘော်ရဲဘက်များဟာ အသက်ပေး တိုက်ပွဲဝင်နေကြသူတွေမို့ ခင်ဗျားတို့ ထင်တာထက် ပိုချစ်ကြတယ်ဆိုတာ တပ်မတော် တခုတည်းမှာပဲရှိတဲ့ ချစ်စရာအမူအကျင့်မို့ ခင်ဗျားရဲ့ လုပ်ဇာတ်ဟာလည်း လက်ရှိ တိုးတက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ဖျက်ဖို့ကြိုးစားနေတာနဲ့တူနေပါတယ်။ ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာ ယူဆချင်သလို ယူဆခွင့်ရှိပါတယ်။ ဒါပေမဲ့ ဦးအောင်မြင်သူရော ၊ ရွှေသုတ်သား(ဥပဒေ)ဆိုတဲ့သူရော လက်ရှိ တိုးတက်နေတဲ့ မြန်မာ့ ပုံရိပ်ကို အရောင်တွေ ဆိုးပြီး ဖျက်ကြဖို့တော့ မကြိုးစားကြပါနဲ့လို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ၀င်ပြောပါရစေ။ သမိုင်းရဲ့ တရားခံ အဖြစ် မမြင်ချင်လို့ပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ