Nov 10, 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်

လုပ်ငန်းများအား ပုဂ္ဂလိကအခန်းကဏ္ဍမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းပွဲနှင့် ပတ်သက်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တိုင်းရင်းသား လုပ်ငန်းရှင်များကိုသာ ဦးစားပေး လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပထမဦးစွာ ပြောကြားသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ဝန်ဆောင်မှု လုပ်ငန်းများအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို တင်ဒါခေါ်ယူသွားမည် ဖြစ်သည်။ လေဆိပ်များအား ပုဂ္ဂလိက အခန်းကဏ္ဍမှ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသူများကို အကြိုအရည်အချင်း စစ်ရာတွင် ဂျပန်ပညာရှင်များ ပါဝင်သည့် အကြံပေးအဖွဲ့နှင့် စစ်ဆေးသွားမည်ဖြစ်ပြီး ငွေကြေး ခိုင်မာတောင့်တင်းမှု၊ လုပ်ငန်းအတွေ့အကြုံရှိမှု၊ လုပ်ကိုင်ဆောင်ရွက် သူများ၏ အရည်အချင်းနှင့် စက်ပစ္စည်းကိရိယာ သုံးစွဲမှု စသည်တို့ကို စစ်ဆေးသွားမည်ဟု ဦးတင်နိုင်ထွန်းက ရှင်းပြသည်။
နိုင်ငံတွင်းရှိ လေဆိပ်များအားလုံးကို ပုဂ္ဂလိကအခန်းကဏ္ဍသို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ခွင့်ပေးရာ၌ လေဆိပ်များ၏ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး၊ ဈေးကွက်ပြိုင်ဆိုင်မှု တန်းတူအခွင့်အရေး ရရှိစေရေး၊ အများပြည်သူလူထုကို အကျိုးရှိစေရေး၊ နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှု မရှိစေရေး စသည့် အချက်များ အပေါ် အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။


ကုမ္ပဏီများအား အကြိုအရည်အချင်း စစ်ဆေးခြင်း Prequalification ကို ယခုလ ၂၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ သတ်မှတ် ခေါ်ယူသွားမည် ဖြစ်ကာ Prequalification တင်ထားသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်ခြင်းကို ဒီဇင်ဘာ ၆ ရက်မှ ၂ဝ၁၃ ဇန်နဝါရီ ၅ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း၊ ၂ဝ၁၃ မေလအတွင်း ဝန်ဆောင်မှုအားလုံးကို ပုဂ္ဂလိကအခန်းကဏ္ဍသို့ လွှဲပြောင်းပေးကာ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တာဝန်ယူ လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်၊ တိုင်းရင်းသား လုပ်ငန်းရှင်များသည် လက်ရှိ နိုင်ငံတကာ လေဆိပ်များတွင် လုပ်ကိုင်နေသည့် ပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ လျှောက်ထားရမည် ဖြစ်သည်။ ရန်ကုန်လေဆိပ်ကို တိုးချဲ့တည်ဆောက်ရန် အရေးတကြီး လိုအပ်နေသည့် အတွက် မေလကုန်သည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ အပြီးလွှဲပြောင်း လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က လေကြောင်းလုံခြုံရေး အတွက်ကိုသာ ပါဝင်ပတ်သက်မည် ဖြစ်သဖြင့် ပုဂ္ဂလိက၏ စီမံခန့်ခွဲမှုကို ထိခိုက်စေနိုင်ခြင်းမျိုး မဖြစ်နိုင်ကြောင်းလည်း ဦးတင်နိုင်ထွန်းက ဆိုသည်။


လက်ရှိတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ ဝန်ဆောင်မှု လုပ်ငန်းများကို အေးရှားဝေါလ်ကုမ္ပဏီပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်သော Pioneer Aerodrome ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိနေရာ ယင်းကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ချုပ်ဆိုထားသော စာချုပ်ကို ဖျက်သိမ်းမည်ဖြစ်ပြီး ယင်းကုမ္ပဏီကိုလည်း တင်ဒါ ခေါ်ယူရာတွင် တရားဝင် ပါဝင်ဆောင်ရွက်စေမည်ဟု သိရှိရသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် လေကြောင်းဆိုင်ရာ လုပ်ငန်းများတွင် ပုဂ္ဂလိကအခန်းကဏ္ဍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ပါဝင်စေကာမူ လုပ်ငန်းများအားလုံးကို နိုင်ငံတော်ကသာ တာဝန်ခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

 (မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ