Nov 8, 2012

“ မီဒီယာသမားဟူသည် အခွင့်ထူးခံလူတန်းစားများ(လုံးဝ) မဟုတ်”

From:မဟာကြောင်...

မီဒီယာသမား သတင်းသမားတွေကို Watch Dog အိမ်စောင့်ခွေးလို့ခေါ်ကြပါတယ်။ အိမ်ကိုစောင့်ကြည့်ပြီး ခွေးသဘာဝအတိုင်း ဟိန်းတန်ဟိန်း ဟောက်တန်ဟောက်ပေါ့လေ။ တစ်ခုရှိတာက လူရိပ်မြင်တိုင်း ဟောင်လို့မဖြစ်သလို ဒီခွေးရဲ့ အဓိကကျင့်ဝတ်က ကိုက်လို့မရတာပါပဲ။ အဲဒီအတွက်လည်း လေ့ကျင့်ရတယ်၊ သင်ယူရတယ်။ ကိုယ့်တာဝန်ကိုယ်သိရပါတယ်။

သတင်းသမားဆိုတာ အစိုးရနဲ့ပြည်သူကြားက ပေါင်းကူးတံတားပါ။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ တိုင်းပြည်ကိုထောက်မထားတဲ့ မဏ္ဍိုင်ကြီးသုံးရပ်အပြင် ပြည်သူဆိုတဲ့ တိုင်းပြည်ရဲ့ အရေးအပါဆုံးစွမ်းအားစုကြီးကိုလည်း စောင့်ကြည့်ရပါတယ်။
ဥပဒေပြုခြင်းရဲ့ မျှတမှု၊ အုပ်ချုပ်ရေးရဲ့ ဖြောင့်မတ်မှု၊ တရားစီရင်ရေးရဲ့ မှန်ကန်မှုတို့မှာ တိမ်းပါးတဲ့အချက်တွေရှိမရှိ စောင့်ကြည့်ပြီး ဖော်ထုတ်တင်ပြရတယ်။ ပြည်သူကိုအသိပေးရတယ်။ ပြည်သူ့ဘက်က မှားယွင်းတာ၊ ရသင့်တဲ့အခွင့်အရေးမရတာ၊ ပြဌာန်းထားတဲ့ဥပဒေနဲ့အညီ မခံစားရတာ စသဖြင့် လိုအပ်တာတွေကို ဖော်ထုတ်တင်ပြရပါတယ်။



အဲဒီအတွက် မှန်ကန်ရတယ်၊ အဂတိကင်းရတယ်၊ မျှတရတယ်၊ တာဝန်ယူစိတ်ရှိရတယ်၊ ရဲရင့်ရတယ်၊ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ အယူအဆဟာ အရောင်အစွန်းကင်းရတယ်။

အဲဒီအတွက် ပြည်သူရော အစိုးရရော နှစ်ဘက်စလုံးက ယုံကြည်တယ်။ စိတ်ချတယ်။ အားကိုးတယ်။
ကျွန်တော်တို့ သတင်းသမားတွေက စတုတ္ထုမဏ္ဍိုင် ဆိုပြီးတော့ ကိုယ့်ရပ်တည်မှုကိုယ် ခံယူထားကြပါတယ်။ အင်မတန်ခံ့ညားတဲ့ခေါင်းစဉ်ပါ။
ဒါပေမယ့် ကျွန်တော်ကတော့ မခံယူရဲပါဘူး။ အဲဒီလိုဖြစ်အောင် ကြိုးစားနေတုန်းပဲလိုတော့ ခံယူထားပါတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့
စတုတ္ထမဏ္ဍိုင်လို့ပြောနိုင်တဲ့ သတင်းမျိုးနဲ့ အားထုတ်မှုမျိုးတွေ လုပ်မပြနိုင်သေးလို့ပါပဲ။

ကျွန်တော်က ဆရာကြီးမဟုတ်ပါ။ ဒါပေမယ့် ကျွန်တော့်စကားကို ကျွန်တော်တာဝန်ယူမှုအပြည့်ရှိပါတယ်။ ယုံကြည်တာကိုပြောဖို့လည်း မကြောက်ပါဘူး။ ကျွန်တော်တို့သတင်းထောက်အများစုဟာ အခုထိ စာမူခနဲ့ ပိုက်ဆံရဖို့ အတွက်ပဲ ကြိုးစားနေကြတုန်းပါ။ ဒီနေရာမှာ တစ်တိုက်ချင်းဆီရဲ့
လစာပေးချေမှု ကန့်သတ်မှုတွေအရ ရပ်တည်မှုအတွက် ပိုက်ဆံကို မဖြစ်မနေရှာရတာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရေးနေတဲ့
သတင်းတွေက အပေါ်ကရေးခဲ့သလို ပြည်သူအမှန်တကယ်သိချင်တာတွေလား။ သူတို့လိုလားချက်တွေလား၊ အစိုးရကို ထောက်ပြဝေဖန်တာတွေလား။ အနည်းဆုံး ဖတ်ပြီး အသိဥာဏ်တစ်ခုခု ဒါမှမဟုတ် အတွေးတစ်ခုခု ဒါမှမဟုတ် ဖျော်ဖြေမှုတစ်ခုခုပေးလိုက်နိုင်လား။ ကျွန်တော်တို့ပြဿနာတွေကိုထောက်ပြနိုင်လား။ ဘာတွေဖြစ်လာနိုင်တယ်လို့ ပြည်သူနဲ့အစိုးရ သတိထားမိအောင် သုံးသပ်ပြနိုင်ပြီလား။ ဘ ခြောက်လုံးနဲ့တင် ကျွန်တော်တို့ တာဝန်ကျေပြီလား။ ဒီသတင်းကိုငါရေးလိုက်ရင် အကျိုးသက်ရောက်မှုဘာဖြစ်နိုင်မလဲ ဆိုတာမျိုးတွေးမိကြလား။

ကိုယ်တော့စာမူခရမယ်။ ဒါပေမယ့် နောက်ဆက်တွဲ စောင့်ထိန်းရမယ့် အကြောင်းနဲ့အကျိုးဆက်တွေဖြစ်နိုင်လို့ မရေးဘဲ ထားလိုက်မိပြီလား။ သေချာတာကတော့ စာမျက်နှာပြည့်ဖို့ထက် ကျွန်တော်တို့ ပို ဖောက်ထွက်မလာနိင်သေးတာပါပဲဗျာ။
အခုတော့ သတင်းရရင်ပြီးရော ရေးထည့်လိုက်တာပါပဲ။ အယ်ဒီတာအများစုကလည်း ထူးရင်ပြီးရော ထည့်လိုက်တာပါပဲ။ ပိုဆိုးတာက မီဒီယာသမားအများစု ကျွန်တော်အပါအ၀င်ပေါ့လေ ကိုယ့်ကိုယ်ကိုယ်သွေးနထင်ရောက်နေကြတာပါ။ တစ်ခုခုဆို ငါသတင်းထောက်ပဲဆိုတဲ့ မာန်နဲ့ နေရာတော်တော်များများမှာ အခွင့်အရေးယူမိတတ်ကြတယ်။ ငါရေးလိုက်တာ ဟိုလူတော့ကွဲပဲဟေ့။ ငါမလုပ်ချင်လို့ကွာ ဒီလူပြုတ်သွားမယ်။ ဒါအဂတိလိုက်စားတာပဲမဟုတ်လားဗျာ။ အရာရာကို တတ်သိနားလည်သလို ပြူမူလုပ်ဆောင်နေကြတာတွေကရော အန္တရာယ်မဟုတ်ဘူးလားဗျာ။

မီဒီယာသမားဆိုတာ သာမန်လူပါပဲ။ ပြည်သူနဲ့တောင်ပိုနီးစပ်ရဦးမယ်။ ပြည့်သူ့အသံကို ပိုတောင် နားစွင့်ရဦးမယ်။ ဘာဖြစ်တယ် ဘာပြောတယ်ဆိုတာလောက်နဲ့ ပဲသတင်းတစ်ပုဒ်ကိုတည်ဆောင်နေကြသေးတဲ့အချိန်မှာ ကျွန်တော်ကတော့ စတုမဏ္ဍိုင်လို့ ပြောရမှာရှက်ပါတယ်။ မကြာခင်မှာလည်း အထက်နဲ့အောက်သတင်းသမားတွေ ကွဲကြဦးမယ်။ စာပေစိစစ်ရေးရှိနေစဉ်က အရာရာကို သူ့ကြောင့်လို့ လက်ညှိုးထိုးခဲ့ကြပါတယ်။ အခု စာပေစိစစ်ရေးမရှိတော့ပါဘူး။
ကျွန်တော်တို့ သတင်းသမားတွေ အယ်ဒီတာတွေ ဘယ်လောက်များပြည့်သူအတွက် ၊ တိုင်းပြည်အတွက် ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့ပြီလဲ။

သတင်းရင်းမြစ်တွေအများကြီးရှိရုံ၊ သတင်းဖြစ်အောင်ရေးတတ်ရုံလောက်နဲ့
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အရေးပါအရာရောက်နေတဲ့သူတွေလို ယူဆနေတဲ့ထင်တစ်လုံးတွေကို အမြန်ဆုံးရပ်သင့်ပြီထင်ပါတယ်။
မဟုတ်ရင် နောင်လာမယ့် ငါးနှစ်လောက်မှာတင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေက ကျွန်တော်တို့ရဲ့ သတင်းတွေကိုဖတ်ပြီး လှောင်ပြုံးပြုံးနေမှာ မြင်ယောင်သေးတော့ဗျာ။

သတင်းသမားတွေကို Watch Dog အိမ်စောင့်ခွေးလို့ခေါ်ကြပါတယ်။
အဲဒီခွေးက မည်းမည်းမြင်ဟောင်ခွင့်မရှိသလို၊ မကြိုက်တိုင်းလည်း ကိုက်လို့မရပါဘူး။ အဲဒီအတွက်သင်ယူရပါတယ်။ ဟုတ်ကဲ့ ခွေးကောင်းရင်သင်လို့ရပါတယ်။ တစ်ခုပဲ ဗီဇမကောင်းရင်တော့ --
ဝမ်းနည်းပါသည်ပေါ့ဗျာ--။

(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ