Nov 10, 2012

"ကုလားဟူသည် ဤသို့တည်း... အပိုင်း(၂)"

အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ

(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး  အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန်အရေအတွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
ဆီကို ကုလားပြည်က ၀ယ်ရတယ်”
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။

(2) မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု

Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုထုတ်ဝေခဲ့သည့် ၀န်ကြီးချုပ်ဦးနု မြန်မာဘာသာဖြင့် မူရင်းရေးသားသော ငါးနှစ်ရာသီ ဗမာပြည်  စာအုပ် စာမျက်နှာ ၁၇ တွင်-
ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။
စာမျက်နှာ ၂၀၅ တွင်-
အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee) ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။”

(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့်

သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ၁၇၀ တွင်-
ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊တညင်စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။”

အခန်း(၅) အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ

(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊သြဂုတ်လ ၇ ရက်။(3)
ကရင်၊ရှမ်း၊ပလောင်၊တောင်သူ၊ကချင်၊ချင်း၊ မွန်၊တရုပ်၊ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။”
(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။(4)
ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။

အခန်း(၆) မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း

(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု

ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလွန်အမင်းများပြားလာသည့်ကြောင့် အဆိုပါ အစွန်းရောက်အမျိုးသားရေးဝါဒီတို့က ကုလားဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့ထဲမှအချို့က ကုလားဟူသော ဝေါဟာရသည် “ကူး”(ဖြတ်သန်းခြင်း)ဟူသော မြန်မာဘာသာစကားနှင့် “လာ”(၀င်ရောက်ခြင်း) ဟူသောမြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများ ဟုအဓိပ္ပါယ်ရသည်။ အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစ်စုံတစ်ရာ မပါရှိပဲ မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောပုဂ္ဂိုလ်များမှ အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဓလေ့သုံးစကားအဖြစ် စွဲမြဲစွာသုံးစွဲလျှက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ပညာရှင်ရပ်ဝန်းအတွင်း လုံးဝအခြေခံသုံးစွဲခြင်းမရှိသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သည်။

အကယ်၍ အထက်ပါအချက်အလက်သည် မှန်ကန်မည်ဆိုပါလျှင် မူလဘူတ အာရပ်ဘာသာစကား Kafir (Non Believer of Islam)မှ ဆင်းသက်လာသော အာဖရိကလူမည်းများကို မြန်မာဘာသာဖြင့်ခေါ်ဆိုသည့် ကပ္ပလီ ဟူသော အသုံးအနှုန်းအား အထက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာကြည့်စေလိုပါသည်။ရလာဒ်အနေဖြင့် “ကပ်”(အနားသို့တိုးသည်၊အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်) ဟူ၍ ဆက်စပ်မှုမရှိသော အဓိပ္ပါယ်များ ထွက်ပေါ်လာပေလိမ့်မည်။ ထိုနှစ်ခုအား ဆက်စပ်အဓိပ္ပါယ်ဖွင့်ဆိုမည် ဆိုပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် အနီးတွင်နေ၍ ချွဲသည်ဟု အဓိပ္ပါယ်ထွက်နေပေလိမ့်မည်။ ထို့ကြောင့် အထက်ဖော်ပြပါ ကုလားဟူသော ဝေါဟာရသည် “ကူးလာ” မှဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း သိရှိနိုင်သည်။

ဤနေရာ၌ Col. Henry Yule နှင့် A. C. Burnel တို့ရေးသားသော Hobson-Jobson စာအုပ်, စာမျက်နှာ 495 တွင်ဖော်ပြထားသည်ကို တင်ပြလိုပါသည်။
Kula, Kla, n.p Burmese name of a native of Continental India; and hence misapplied also to the English and other Westerns who have come from India to Burma; in fact used generally for a Western foreigner.
ကုလား(ကုလ) နာမ်/နာမ်စား- အိန္ဒိယတိုက်သားများအား ခေါ်ဝေါ်သည့် မြန်မာအမည်။ ထို့အပြင် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော အင်္ဂလိပ်လူမျိုးနှင့် အခြားအနောက်တိုင်းသားများကို ခေါ်ဆိုသည်။ အတိအကျအနေဖြင့် အနောက်ဖက်မှ နိုင်ငံခြားသားများအား ယေဘုယျခေါ်ဝေါ်သည်။

ဤအခေါ်အဝေါ်၏ မူလဇစ်မြစ်နှင့် စပ်လျဉ်း၍ ငြင်းခုန်မှုများစွာရှိခဲ့သည်။ ပုဂ္ဂိုလ်အချို့က ၎င်းအခေါ်အဝေါ်သည် အိန္ဒိယနိုင်ငံရှိ မျိုးနွယ်စုအမည်တစ်ခုဖြစ်သော “Kols” နှင့်ဆက်နွယ်မှုရှိသည်ဟု ဆိုကြသည်။ တချို့ကမူ “ကလင်္ဂ” နှင့်ဆက်နွယ်မှုရှိသည်ဟုဆိုကြပြီး တချို့က အိန္ဒိယ၏ လူမျိုးဇာတ်ခွဲခြားမှုနှင့် ဆက်နွယ်သည်ဟု ဆိုကြသည်။ မြန်မာဘာသာစကားနယ်ပယ်တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ထားသည်မှာ ပင်လယ်ရပ်ခြား တိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့် “ကူးလာ” မှ ဆင်းသက်လာသည်ဟူသော အချက်ဖြစ်နေသည်။ ကုလားဟူသောစကားလုံး၏ မူလပုံသဏ္ဍာန်နှင့် စပ်လျဉ်း၍ တိကျသည့် သမိုင်းကြောင်းအထောက်အထားများကို ပထမဆုံးခြေရာခံရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသုတေသနပါမောက္ခ Dr.Forschammer ၏အဆိုအရ သက္ကတဘာသာဖြင့် ရေးထိုးထားသည့် ရှေးဟောင်းပဲခူးကျောက်စာများတွင် ကုလားဟူသော ယနေ့ခေတ်အခေါ်အဝေါ်သည် သက္ကတဘာသာစကား “ဂိုလ” မှဆင်းသက်လာပြီး အဆိုပါစကားလုံးသည် သက္ကတဘာသာစကားအရ Gauda ဒေသ၊ ယနေ့ခေတ်တွင် လူသိများသည့် ဘင်္ဂလားမြောက်ပိုင်း Gaur နယ်မှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသော  အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာဝင်များကို ရည်ညွှန်းကြောင်း သိရှိရသည်။
14th cent, - "The heroes Sona and Uttara were sent to Ramaña, which forms a part of Suvannabhumi, to propagate the holy faith ........ This town is called to this day Gola mattikanagara, because of the many houses it contained made of earth in the fashion of houses of the Gola people." – Inscr. at Kalayani near Pegu, in Forschammer, ii.(5).

(ခ) မြန်မာနိုင်ငံအတွင်းရှိ  အိန္ဒိယနွယ်ဖွားများမှ အဓိပ္ပါယ်ဖွင့်ဆိုဖန်တီးခြင်း

ကုလားဟူသော အခေါ်အဝေါ်သည် တစ်ဖက်သားအား ထိခိုက်စော်ကားသည့် အဓိပ္ပါယ်မျိုးမသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊အူရဒူ၊ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင် (သို့) အသားမဲ ဟုအဓိပ္ပါယ်ရသောကြောင့်ဖြစ်သည်။ သီးခြားအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် ကုလားဟူသော အခေါ်အဝေါ်နှင့် စပ်လျဉ်း၍ နိုင်ငံခြားသားများနှင့် တွေ့ဆုံရာတွင် အဆိုပါအသုံးအနှုန်းသည် ဗမာ၊ရခိုင်၊မွန်စသည့် ဌာနေလူမျိုးများက ၎င်းတို့အား အသားမဲများဟု(၎င်းတို့ကိုယ်ပိုင်ဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုခြင်း)နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းအဖြစ် ခံစားရကြောင်း ညည်းငြူပြောဆိုလေ့ရှိသည်။ အထူးသဖြင့် ထိုအချက်ကို နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ပြောလေ့ရှိသည်။ သို့သော် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် ဗမာ၊ရခိုင်၊မွန်၊ရှမ်း၊ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် အထက်ပါအဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြောဆိုခြင်း မရှိခဲ့ချေ။ တိတိကျကျထောက်ပြရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော တချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ဗမာ၊ရခိုင်စသည့် ဌာနေတိုင်းရင်းသားတချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်သည်။
အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်းနေထိုင်ကြသည့် အိန္ဒိယနွယ်ဖွားလူမျိုးများထဲမှ စိတ်သဘောထားမပြည့်ဝဘဲ ၎င်းတို့၏မူရင်းဒေသမှ စရိုက်လက္ခဏာများကို တင်းကြပ်စွာထိန်းသိမ်းထားပြီး ဒေသခံလူနေမှုစနစ်တွင် ပျော်ဝင်ရောနှောမှုမရှိသော လွန်ကဲစွာအဖြစ်သည်းသူတစ်စု၏ တုန့်ပြန်မှု သက်သက်သာဖြစ်သည်ဟု သုံးသပ်မိသည်။ အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုသာ မှန်ကန်ခဲ့မည်ဆိုပါလျှင် ဘာသာစကားနယ်ပယ်တွင် အောက်ဖော်ပြပါ အသုံးအနှုန်းများသည်လည်း အငြင်းပွားစရာဖြစ်လာနိုင်သည်။

(1) မြန်မာဝေါဟာရတွင် Chinese များကို တရုတ်(ယပက်လက်သံ)ဟု ခေါ်ကြသည်။အဆိုပါဝေါဟာရအား အထက်ပါနည်းအတိုင်း ခွဲခြမ်းစိတ်ဖြာ အဓိပ္ပါယ်ဖွင့်ဆိုကြည့်လျှင် “တ”  ဟူသော အသုံးအနှုန်းသည် မြန်မာဘာသာစကားတွင် တစ်ဟူသော ဂဏန်းကို “စ်” ဖျောက်၍ ခေါ်ဆိုခြင်းဖြစ်သည်။ ရုတ်(သို့)အသံထွက်-“ယုတ်” သည် မြန်မာဘာသာစကားတွင် ကောက်ကျစ်သော၊ စိတ်ထားသိမ်ဖျင်းသော စသည့် ဆိုးရွားသောအဓိပ္ပါယ်များစွာ ရှိနေသည်။ အထက်ပါနည်းအတိုင်း ဆက်စပ်အဓိပ္ပါယ်ဖွင့်ဆိုကြည့်လျှင် Chinese များသည် မြန်မာဘာသာစကားတွင် ကောက်ကျစ်သိမ်ဖျင်းသော လူတစ်မျိုးဟု အဓိပ္ပါယ်သက်ရောက်နေပေလိမ့်မည်။ သို့သော် မြန်မာနိုင်ငံတွင်းရှိ Chinese နွယ်ဖွားများသည် အဆိုပါဝေါဟာရသုံးစွဲမှုနှင့် ပတ်သက်၍ မည်သည့်အခါမျှ စောဒကမတက်ကြသည့်အပြင် “တရုတ်” ဟူသောလူမျိုးအမည်ကို ဂုဏ်ယူဝင့်ကြွားစွာ ခံယူကြသည်ကို တွေ့ရှိရသည်။

(2) မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါစကားလုံး၏ အသံထွက်သည် မြန်မာဝေါဟာရထဲတွင် “ဖာမ” (Whore) သို့မဟုတ် “ဖားမ”(Female Frog) ဟု လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ သို့သော် မည်သည့်မြန်မာလူမျိုးမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်းမရှိခဲ့ချေ။ [ထိုင်းလူမျိုးများအနေဖြင့် ဘုရင့်နောင်မင်းတရား ထိုင်းကိုသိမ်းပိုက်ခဲ့သည်အချိန်တွင် မြန်မာတို့အား Phama ဟုခေါ်ဆိုခဲ့သကဲ့သို့ ယခုမြန်မာလူမျိုးအများအပြား ထိုင်းနိုင်ငံအတွင်း အောက်ခြေသိမ်း အလုပ်လုပ်ကိုင်နေရသည့် အချိန်တွင်လည်း Phama ဟုသာ ဆက်လက် ခေါ်ဝေါ်နေမည်သာဖြစ်သည်။ ]

အခန်း(၇) ပညာရှင်တချို့၏ ဒေသခံများထံမှ ပါးစပ်ရာဇ၀င်များကို ကိုးကား၍ (သတိမမူပဲ) ရေးသားတင်ပြမှုများ

(1) Desai, W. S, India and Burma, Calcutta, 1954, p. 37-38.

"Burmans call Indians Kalas. This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean "the caste people". Most probably the first interpretation is the correct one. Kala simply means a foreigner. Europeans are often called by Burmans Kala phyu, i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos ."

“မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို ကုလားဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသော စကားသည် တိုင်းပြည်တွင်းသို့ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရသည်။ အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတစ်ခုမှာ သက္ကတဘာသာစကားအရ ကုလား၏ အဓိပ္ပါယ်သည် လူမျိုးစု(သို့) ဇာတ်ခွဲထားသော၊သီးသန့်ခွဲခြားထားသော လူတစ်စုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်းသည် အိန္ဒိယလူမျိုးများအား ၎င်းတို့ကို ဇာတ်မတူသော သီးသန့်လူမျိုးစုအဖြစ် ရှုမြင်ချိန်မှစတင်၍ သက်ရောက်ခဲ့သည်ဟု ထင်မှတ်ရသည်။ ထိုအချက်ကိုထောက်ရှု၍ ကုလားဟူသော အသုံးအနှုန်းသည် ဇာတ်မတူသောလူမျိုးဟု အဓိပ္ပါယ်ရပေလိမ့်မည်။ အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတစ်ခုမှာ တိကျမှုအရှိဆုံးဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသားကို ရည်စူးခေါ်ဆိုသည့် ရိုးရိုးအသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားအချို့ကိုလည်း မြန်မာများက ကုလားဖြူဟု မကြာခဏခေါ်ဝေါ်လေ့ရှိသည်။(ဥပမာ-အသားဖြူနိုင်ငံခြားသား) ကုလားဟူသောအသုံးအနှုန်းသည် မြန်မာပြည်တွင် တဖက်သားအား ရှုံ့ချစော်ကားစရာစကားတစ်ခု မလွဲမသွေဖြစ်လာပြီး လုံးဝကန့်သတ်ပိတ်ပင်သင့်သော အသုံးအနှုန်းတစ်ခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များသိမ်းပိုက်ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် ၎င်းတို့က အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒို ဟူသောစကားဖြင့် အစားထိုးခေါ်ဝေါ်စေခဲ့သည်။”

အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်း တင်ပြထားသော ပါမောက္ခ Desai ၏ တင်ပြချက်တွင် မျဉ်းသားထားသော စာကြောင်းသည် တိကျမှန်ကန်မှုမရှိချေ။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ်(၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။ အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊၄၆၊၉၂၊၁၈၆၊ ၂၉၂၊၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။

(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ ၅ ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့
“နိုဝင်ဘာလ၂ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊တရုတ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။”

(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ ၈ ရက်၊၁၉၄၂၊ တနင်္ဂနွေနေ့
“တရုတ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆန့်နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။”

(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။( ၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)
“ဗမာပိုင်၊ကုလားပိုင် အစရှိတဲ့ သင်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်”

(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။
“ကုလား ဒုက္ခသည်များ………”
အကယ်၍ ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအား ပိတ်ပင်၍ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင်(ပါမောက္ခ Desai ၏အဆိုအရ) အဆိုပါသတင်းစာများ၌ သတင်းရေးသားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာတွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တခြားနည်းလမ်းမရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ဂျပန်စစ်ထောက်လှမ်းရေး ကင်ပေတိုင်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

(2) Esche, A., Wörterbuch Burmesisch-Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40:
ကုလား P> vulg Inder m; Mann m aus dem Westen

Dr.Asche ၏အဆိုအရ ကုလားဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှလူ(သို့) အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်းနှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။

အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံနှင့် စပ်လျဉ်း၍ Dr.Asche ၏ အဘိဓာန်ပါ ကောက်ချက်ဆွဲမှုအရ အဆိုပါအဘိဓာန်ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီးသုံးဦးသည် လူမျိုးရေးခွဲခြားသူများဖြစ်နေသည့်အပြင် အိန္ဒိယလူမျိုးများကို အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွားပေတော့မည်။(6) ပကတိအမှန်တရားတွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုသည် မဟတ္တမ ဂန္ဒီ၊နေရူး၊ မိုဟာမက်အလီဂျင်းနားကဲ့သို့သော အိန္ဒိယခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူများဖြစ်ပြီး အဆိုပါ အိန္ဒိယခေါင်းဆောင်များအပေါ် လေးစားသူများဖြစ်ကြသည်။ ထို့အပြင် ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတစ်ဦးဖြစ်ပြီး ထိုပါတီမှရဲဘော်ရဲဘက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောသူဖြစ်သည်။

အခန်း(၈) နိဂုံး

ခိုင်မာသော စာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ အဆိုပါ စကားလုံးအား လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်မှာ ကိုလိုနီခေတ်ကာလအတွင်း၌သာဖြစ်ပြီး အယူသည်းသော အိန္ဒိယလူမျိုးများက ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသကဲ့သို့ ဌာနေလူမျိုးများထဲမှ အမျိုးသားရေးအစွန်းရောက်သူတချို့မှ အနုတ်လက္ခဏာဆောင်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုအသစ် တီထွင်ဖန်တီးခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာကိုးကားရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံခြားသား ပညာရှင်များ၊ လေ့လာသူများမှတဆင့် ချဲ့ကားပျံ့နှံ့သွားခဲ့သည်။

စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂန္တ၀င်စာပေအများစုကို လေ့လာရန် လက်လှမ်းမမှီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ ကျောင်းသူကျောင်းသားများအတွက် အထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ မြန်မာ့စာပေလေ့လာမှုနယ်ပယ်အတွင်း အလွန်တရာသေးငယ်သော အစိတ်အပိုင်းတစ်ရပ်အဖြစ် စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။

Notes:
1 U Tin Htway, "Trash from Treasure, In the Case of Judson's Burmese English Dictionary", in "Tradition and Modernity in Myanmar", The International Conference on Myanmar, Berlin, 1993.
2 See and compare: U Tin Htway, A Glimpse of General Observations on Burmese pum, South Asian Digest of Regional Writing, Heidelberg, Vol. 9, pp. 16, 25-27.
3 See also Thakhin Tin Mya, Anti-Fascists Revolution, Head Quarter and Ten Divisions, (in Burmese), Rangoon, 1968, p. 21.
4 Ibid, p. 51.
5 Japanese trained Indian National Army (INA) headed by Subas Chandra Bose.
6 Dr.Annemarie Esche သည် Mr.Jens Lorenz ၏ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာတမ်းပြုစုသည့်နေရာတွင် Chief supervisor နှင့်အတိုင်ပင်ခံပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ Dr.Asche နှင့် Jens Lorenz တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို မြန်မာဘာသာမှ ဂျာမန်ဘာသာသို့ပြန်ဆိုခဲ့ကြသည်။ ကွန်မြူနစ်တစ်ဦးဖြစ်သော ဦးသိန်းဖေမြင့်သည် ၁၉၆၂-၆၆/၁၉၇၅-၇၉ ခုနှစ်များတွင် မြန်မာနိုင်ငံ ဂျာမနီသံရုံး၏ ပထမဆုံးအတွင်းရေးမှူးဖြစ်သော Dr.Otto Esche နှင့် ဇနီးဖြစ်သူ Dr.A.Esche တို့၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာခဲ့သည်။ Dr.A.Esche ၏ အထက်ဖော်ပြပါ အဘိဓာန်တွင် ဦးသိန်းဖေမြင့်၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကြည်အား အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။ အံ့သြသင့်စရာတစ်ခုမှာ Dr.A.Esche သည် ဒေါ်ခင်ကြည်ကြည်ထံမှ မည်သို့သော အချက်အလက်၊အထောက်အထားများ ရရှိခဲ့ပါသနည်း ဟူသောအချက်ဖြစ်သည်။ သူမ၏စာအုပ်ရှိ အမှာစာထဲတွင် အထက်တွင်ဖော်ပြခဲ့သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စပ်လျဉ်း၍ ပညာရှင်များ(သို့) စာပေအထောက်အထားများ မပါရှိချေ။ ဖြစ်နိုင်ခြေရှိသည့် အချက်တစ်ခုမှာ သူမအနေဖြင့် ဤအဘိဓာန်ကိုပြုစုရန်အတွက် ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အား ရန်ကုန်မြို့ရှိ အိန္ဒိယလူမျိုးများထံမှ လွယ်လင့်တကူရရှိခြင်း (သို့) ကြားဖူးနားဝပညာရှင်အချို့ထံမှ ရရှိခြင်းသာ ဖြစ်ပေလိမ့်မည်။

U Khin Maung Saw(Berlin)၏ (Mis)Interpretations of Burmese Words:Part I.In the case of the term Kala (Kula) သုတေသနစာတမ်းအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။ လိုအပ်ချက်များ၊မှားယွင်းမှုများရှိမည်ဆိုပါက ဘာသာပြန်ဆိုသူတွင်သာ တာဝန်ရှိကြောင်း သိစေအပ်ပါသည်။


မြတ်သိန်းထွန်း

9.11.2012
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ