မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို နိုင်ငံတကာ၏ ထောက်ခံအားပေးမှုနှင့် ပေါင်းစပ်ပါက အကျိုးအမြတ် အများဆုံး ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး သီလ၀ါ၊ ထားဝယ်နှင့် ကျောက်ဖြူမြို့များတွင် ဆောက်လုပ်မည့် ရေနက်ဆိပ်ကမ်း စီမံချက်များနှင့် နိုင်ငံတစ်ဝန်းရှိ အထူးစီးပွားရေး ဇုန်များတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန် ၎င်းက ဖိတ်ခေါ်ခဲ့သည်။
''ကျွန်တော်တို့ အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကိုလည်း သတိပြုမိပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများ အောင်မြင်စေဖို့ ကျွန်တော်တို့အနေနဲ့ ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်ပါတယ်'' ဟုလည်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
ဆက်လက်၍ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ဘက်စုံကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘာ့နိုင်ငံများ၏ ထောက်ခံမှုနှင့်အတူ အရှိန်ရလျက်ရှိပြီ ဖြစ်ကြောင်းနှင့် အဆိုပါ အောင်မြင်မှုနှင့်အတူ မြန်မာနိုင်ငံသည် အာဆီယံဒေသနှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။