Nov 24, 2012

လက်ပံတောင်း တောင် ကြေးနီးသတ္တုတွင်း စီမံကိန်း အရေးကြီးအဆိုအားတင်သွင်းရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်မှ ပြန်လည်ဖြေရှင်းချက်များ

From:..မြဝတီ...//

အရေးကြီး အဆိုတင်သွင်းခြင်း ကဏ္ဍ၌ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က လက်ရှိ လုပ်ဆောင်နေသော လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနှင့် စပယ်တောင်၊ စပယ်တောင်(တောင်ဘက်) ကြေးစင်တောင် ကြေးနီ စီမံကိန်းတို့၏ လူမှုဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ သဘာဝ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များ အတွက် ရေတို၊ ရေရှည် သင့်လျော်သည့် တန်ဖိုး ဖြတ်နိုင်သည့် အကျိုးအမြတ်၊ တန်ဖိုးမဖြတ်နိုင်သည့် အကျိုးအမြတ်များ အမြင့်မားဆုံး ရှိနိုင်မှုနှင့် ပြည်သူလူထု၏ ဆန္ဒသဘောထားတို့ကို ပြည်သူတို့က ယုံကြည်ကိုးစားသည့် ပုဂ္ဂိုလ်များ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ ပါဝင်သည့် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း စစ်ဆေး၍ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပွင့်လင်းမြင် သာစွာ ထုတ်ပြန် ကြေညာစေပြီး ဆက်လက် လုပ်ဆောင် ခွင့်ပြုရန် သင့်/မသင့်နှင့် မည်သို့ လုပ်ဆောင်သင့်သည်ကို ကိုင်တွယ်ဆန်းစစ်ရန် ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ -

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က အဆိုကို ပြန်လည် ရှင်းလင်း ဆွေးနွေးရာတွင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီသတ္တုတွင်း စီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အတွင်း၌ တည်ရှိပြီး စီမံကိန်းဧရိယာ (၇၈၆၇ ဒသမ ၇၈) ဧက ရှိကြောင်း၊ ထိုစီမံကိန်း ဧရိယာကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wanbao Mining Ltd. တို့ အကျိုးတူ ပူးပေါင်း၍ ဓာတ်သတ္တုအကြီးစား တူးဖော်ထုတ်လုပ် ခွင့်ရရှိရေးအတွက် သတ္တုတွင်း ဝန်ကြီးဌာနသို့ လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြလျှောက်ထား ခဲ့ပါကြောင်း၊ သတ္တု တွင်းဝန်ကြီးဌာန၏ ၅-၃-၂ဝ၁ဝ ရက်စွဲပါ ခွင့်ပြုမိန့် (ဝဝဝ၃/၂ဝ၁ဝ)ဖြင့် ခွင့်ပြုခဲ့ပြီး နှစ်ရှည် နှစ်(၆ဝ)မြေငှားဂရန်အား ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ မှစ၍ ရရှိခဲ့ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၄၃၈/၂ဝ၁ဝ)ဖြင့် ဝမ်ဘအို (Wanbo Mining Ltd.) မှ အမေရိကန် ဒေါ်လာ(၉၉၉)သန်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ခဲ့ပါကြောင်း၊ စီမံကိန်းအနေဖြင့် မြေလျော်ကြေး တန်ဖိုးသင့်
ပေးလျော်ခဲ့ရာ ၅-၄-၂ဝ၁၂ ရက်နေ့မှ ၅-၇-၂ဝ၁၂ ရက်အထိ အမြဲဦးပိုင် ပေါက်ပြီးမြေ (၄၈၂၆ ဒသမ ၇)ဧက၊ ဦးပိုင်အမြဲ မဖြစ်သည့် မြေ(၂၃ဝ ဒသမ ၈၆)ဧက၊ လန(၃၉) မရှိသည့် မြေ(၁၇၂၅ ဒသမ ၃၇) ဧကတို့အနက် (၆၇၈၂ ဒသမ ၉၃)ဧကကို ပေးလျော်ပြီး ဖြစ်ကြောင်း၊ (၁၇၂၅ ဒသမ ၃၇)ဧကမှာ လန(၃၉)မရှိသော်လည်း ပြည်သူ့ အကျိုးအတွက် ပေးလျော် ခဲ့ပါကြောင်း၊

စီမံကိန်းနယ်မြေနှင့် မလွတ်သည့် ကျေးရွာဟောင်းရှိ နေအိမ်များ ကိုလည်း နေအိမ်အမျိုး အစားအလိုက် အဆောက်အအုံ ဖျက်ဆီးမှု နစ်နာထောက်ပံ့ ကြေးများ ပေးလျော် ခဲ့ပါကြောင်း၊ ထို့ပြင် စားဝတ်နေရေး အဆင်ပြေစေရေး အတွက် အိမ်ထောင်စုဝင် ဦးရေအလိုက် ဆန်များ၊ အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ ပါကြောင်း၊ ထို့ပြင်ပြောင်းရွှေ့ရန် လိုအပ်သည့် မော်တော်ယာဉ်များ၊ တင်ချလုပ်သားခများကိုပါ အခမဲ့စီစဉ် ပေးခဲ့ပါကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်းအတွက် ၆-၁၁-၂ဝ၁၂ရက်အထိ မြေလျော်ကြေး၊ နှစ်ရှည်သီးနှံ လျော်ကြေး၊ ကျေးရွာရွှေ့ ပြောင်းမှုနှင့် အထွေထွေ ကုန်ကျစရိတ်များကို တင်ပြရလျှင် စိုက်ပျိုးမြေနှင့် အခြားမြေ (၆၇၈၄ဒသမ၈၈) ဧကအတွက် ငွေကျပ်(၃၇ဝ၈)သန်း၊ တောင်ကြား ဘုန်းတော်ကြီး ကျောင်းအသစ်နှင့် ကျေးရွာ သစ်နှစ်ရွာရှိ နှစ်ရှည်ပင်၊ မြေနှင့် သီးနှံလျော်ကြေး ငွေကျပ် (၄၄၂)သန်းအပါအဝင် ကျေးရွာသစ်များ တည်ဆောက်ခြင်း၊ ရွှေ့ပြောင်းရေးအတွက် သယ်ယူပို့ဆောင်စရိတ်၊ ရွှေ့ပြောင်းမှု ထောက်ပံ့ကြေးနှင့် အဆောက်အအုံ ပြင်ဆင် စရိတ်စသည့် ကုန်ကျစရိတ် စုစုပေါင်း ငွေကျပ်(၁၁၁၁၉ ဒသမ ၃) သန်းကျော်နှင့် FEC (၉၆၅၁ ဒသမ ၁)တို့ကို ပေးလျော်ခဲ့ ပါကြောင်း၊

ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံအနေဖြင့် ရွှေ့ပြောင်း ရမည့်ကျေးရွာများမှ မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် အနည်းဆုံး တစ်ယောက်နှုန်းဖြင့် ဝန်ထမ်းအဖြစ်ခန့် အပ်ခြင်း၊ နေ့စားလုပ်သားမှ အမြဲတမ်းဝန်ထမ်း အဖြစ်ပြောင်းလဲ ခန့်အပ်ခြင်းတို့ ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ အခြေခံလစာကို ၁၁ဝ-၅-၁၂ဝ နှုန်းဖြင့် သတ်မှတ်ပေးခဲ့ ပါကြောင်း၊ နေ့စားဝန်ထမ်း လုပ်အားခကိုလည်း တစ်ဦး တစ်နေ့လျှင် ငွေကျပ်(၃ဝဝဝ) နှုန်း သတ်မှတ်ပေးခဲ့ ပါကြောင်း၊ လခစားဝန်ထမ်းများ၏ အခြေခံလစာအပေါ် နှစ်တိုးခံစားခွင့်ကိုလည်း ခြောက်လလျှင် တစ်ကြိမ်နှုန်း ဖြင့်တိုးမြှင့်ပေးခဲ့ ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ အတွက်အခမဲ့ ဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေ အတွက် အခမဲ့ဆောင်ရွက် ပေးခြင်း၊ သောက် သုံးရေ အတွက် ငွေကျပ်သန်းပေါင်း (၁၅ဝ)ကျော် အကုန်ကျခံ ဆောင်ရွက်ပေးခြင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ပထမအကြိမ် ပညာသင် ထောက်ပံ့ကြေး ငွေကျပ် (၅ဒသမ၈) သန်း ထောက်ပံ့ခြင်း တို့အား ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်သုံးစောင် ရရှိရေးအတွက် နိုင်ငံတကာ စံချိန်စံညွှန်း များအတွက် စီမံဆောင်ရွက်ရပြီး စဉ်ဆက်မပြတ် စောင့်ကြည့်ပေးခြင်း၊ စစ်တမ်း ကောက်ယူခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ကဏ္ဍအလိုက် စနစ်တကျ ဆောင်ရွက်ခဲ့ ပါကြောင်း၊ အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတ ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များ၊ မြန်မာနိုင်ငံလူ့ အခွင့်အရေး ကော်မရှင်၏ တွေ့ရှိချက်နှင့် အကြံပြုချက်များကိုလည်း လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆက်လက်၍ လက်ပံတောင်းကြေးနီစီမံကိန်း အကျိုး အမြတ်ခွဲဝေမှုအနေဖြင့် နိုင်ငံတော်မှ (၁၆ ဒသမ ၈)ရာခိုင်နှုန်း ၊ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်မှ (၁၃ ဒသမ ၈)ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသူမှ ( ၁၃ ဒသမ ၃၃) ရာခိုင်နှုန်း ရရှိမည် ဖြစ်ပါကြောင်း၊

ထုတ်လုပ်မှုကုန်ကျစရိတ် (၅၆)ရာခိုင်နှုန်း သတ်မှတ် ထားပါကြောင်း၊ရုပ်ဝတ္ထု ဆန်းစစ်ချက်ကို တင်ပြရလျှင် ရရှိသောအကျိုးအမြတ်ကို နိုင်ငံတော်မှတစ်ပုံ၊ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်မှ တစ်ပုံ၊ ရင်းနှီးမြှုပ်နှံသူကတစ်ပုံ အချိုးကျ ခွဲဝေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်ဘက်မှ နှစ်ပုံရရှိပြီး ပြည်ပရင်းနှီး မြှုပ်နှံသူက တစ်ပုံသာ ရပါကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နှင့် စပ်လျဉ်း၍ ရှင်းပြလိုကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်ကို စစ်မှုထမ်း အငြိမ်းစားများ၊ ကျဆုံးသွားသော စစ်သည်များ၏ မိသားစုများ၊ တိုင်းပြည်အတွက် ကိုယ်အင်္ဂါစွန့် လွှတ်ခဲ့ရသော စစ်သည်များ၊ တာဝန် ထမ်းဆောင်ဆဲ စစ်သည်များ၏ ထည့်ဝင်ငွေ များဖြင့် တည်ထောင်ထားခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်မှ ရရှိသောအမြတ်ငွေ များကိုလည်း စုငွေထည့်ဝင်ထားသည့် အထက်ဖော်ပြပါ စစ်သည်များထံသို့ နှစ်စဉ်ပြန်လည် ခွဲဝေပေးလျက်ရှိပါကြောင်း၊ အမြတ်ငွေများဖြင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်းမဟုတ်ဘဲ စစ်သည်များ၏ သက်သာချောင်ချိ ရေးကိုသာ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ နိုင်ငံတည်ဆောက်ရေး ကာလတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် တပ်မတော်၏ အစီအစဉ်ဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊

နိုင်ငံရေးအရဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူ၍ မရှိကြောင်း၊ ထာဝရအကျိုး စီးပွားသာလျှင် ရှိပါကြောင်း၊ ထို့ကြောင့် မိမိ တင်ပြချက်သည် အမေရိကန်နိုင်ငံ အတွက်လည်း မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ အတွက်လည်း မဟုတ်ကြောင်း၊ မိမိနိုင်ငံ၏ အကျိုးစီးပွား အတွက်သာ ဖြစ်ပါကြောင်း၊ စီးပွားရေးဆိုင်ရာ ဆန်းစစ်ချက် အနေဖြင့် မိမိတို့ ကတိကဝတ်များ ပျက်သွားလျှင် မိမိတို့နိုင်ငံ သည် ယခုလို မှန်ကန်နေသည့်တိုင် အများက သဘောမတူတော့ ဘူးဆိုသည့် အနေအထား မျိုးကြောင့်ဤ စာချုပ်များ ပယ်ဖျက်လိုက်လျှင် နောက်ပိုင်း စီးဆင်းလာမည့် FDI များ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများသည် ကန့်သတ်ချက် ရှိသွား နိုင်သည်ဟု တင်ပြလို ပါကြောင်း၊

နောက်ဆုံး တစ်ချက်မှာ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ချက် ဖြစ်ပါကြောင်း၊ ဘယ်စနစ်နှင့် သွားသွား ဥပဒေကို လိုက်နာရမည် ဖြစ်ပါကြောင်း၊ ဥပဒေကို မလိုက်နာဘဲ အများညီလို့ ဤကိုကျွဲဖတ်သည် ဆိုသော ဒီမိုကရေစီ ကျင့်စဉ်မျိုး မဖြစ်ထွန်းအောင်လည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နောက်တစ်ခုက ဆန္ဒပြနေသဖြင့် လောလောဆယ် နိုဝင်ဘာ ၁၈ ရက်မှစပြီး ဘာလုပ်ငန်းမှ လုပ်လို့ မရပါကြောင်း၊ စီမံကိန်း ရပ်တန့်သွားလျှင် တစ်လကို ဒေါ်လာ (၂)သန်း ဆုံးရှုံးပါကြောင်း၊ ဒီအကျပ် အတည်းသည် ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီ လကတည်းက မငြိမ်ခဲ့သည်မှာ ယခုထိ ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် တပ်မတော် အစိုးရလက်ထက် တုန်းကလည်း ပိတ်ဆို့မှု ဒဏ်များခံခဲ့ရသဖြင့် အနှစ်(၂ဝ)ကျော် ဖွံ့ဖြိုးမှုနောက် ကျခဲ့ပါကြောင်း၊ ယခုဒီမိုကရေစီ ရလာသည့် အခါမှာလည်း နည်းပညာဖြင့် လုပ်မည်ဆိုသည့်အခါ ကန့်ကွက်မှုများနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျ သွားနိုင်ကြောင်း၊

နောက်ဆုံး အချက်အနေဖြင့် ဒေါ်ခင်စန်းလှိုင် တင်သွင်းသော အဆိုဖြစ်ပါကြောင်း၊ လွတ်လပ်သော အဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောပါကြောင်း၊ ယခုအခါ အမျိုးသားလွှတ်တော် သယံဇာတ ကော်မတီက လာစစ်ဆေးခဲ့ပြီးပြီ ဖြစ်ပါကြောင်း၊ လွတ်လပ်သော မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အတွင်းရေးမှူး ဦးစီးသောအဖွဲ့ဝင်များလည်း စစ်ဆေးခဲ့ပြီး ပြီဖြစ်ပါကြောင်း၊ စစ်ဆေး ချက်များအပေါ် လိုအပ်သည်များ ပြုပြင်ပြီး ဆက်ပြီး ဆောင်ရွက်ချင် ပါကြောင်း၊ လွှတ်တော်က တင်ပြခဲ့သော လွတ်လပ်သည့် အဖွဲ့အစည်းဖြင့် စုံစမ်းပြီး သုံးသပ်ချက်၊ အကြံပြုချက်နှင့် မည်သို့ကိုင်တွယ် ဆောင်ရွက်သင့်သည် ဆိုသည့် အပေါ် ဆောင်ရွက်ရန် အဆိုကိုကြိုဆို ပါကြောင်း၊ မှန်မှန်ကန်ကန်နှင့် နိုင်ငံတော် အတွက် လုပ်သင့်လုပ် ထိုက်သော ရပ်တည်ချက် တစ်ခုဖြစ်လျှင် မှန်မှန်ကန်ကန်နှင့် ရပ်တည်ပြီး ဆောင်ရွက် ပေးပါရန် တင်ပြလိုပါ ကြောင်းဖြင့် ပြောကြားသည်။

တင်သွင်းခဲ့သည့် အဆိုများနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့် အတွက် အဆိုများ အတည်ဖြစ်ကြောင်း ဆုံးဖြတ်သည်

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ