အဖွဲ့အစည်းတစ်ခုမှာ ယုံကြည်ချက်၊ ခံယူချက်ရှိဖို့က အရေးကြီးတယ်။ ရည်ရွယ်ချက်၊ ရည်မှန်းချက်ရှိပြီး လမ်းစဉ်မှန်ကန်ကောင်းမွန်ဖို့လည်း လိုတယ်။ နောက်အရေးကြီးတာက စည်းလုံး ညီညွတ်မှုပဲ။ အဲဒီအချက်တွေနဲ့ မပြည့်စုံဘူး။ လျော့နည်းလာရင်တော့ အဲဒီအဖွဲ့ မကြာခင်ပြိုကွဲပျက်စီး တော့မယ်လို့ အသေအချာပြောရဲတယ်။
အခြားမကြည့်နဲ့၊ မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံးသောင်းကျန်းသူအဖွဲ့ကြီး ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်ပြိုကွဲသွားရတာကိုပဲကြည့်။ သူတစ်လူ၊ ငါတစ်မင်းနဲ့အာဏာတွေ ပြိုင်၊ ဝါဒတွေပြိုင်ကြနဲ့ အုပ်စုတွေကွဲပြီး လုံးဝနာလန်မထူနိုင်အောင်ကို ကျဆုံးသွားခဲ့တာနှစ်တွေပဲကြာခဲ့ လှပေါ့။
အစကတည်းက ဝါဒစွဲ၊ အာဏာစွဲတွေနဲ့ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးခွဲတဲ့လုပ်ရပ်မျိုးနဲ့ လက်နက်စွဲကိုင်ပြီး နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်ဖို့ တောခိုသွားခဲ့တာမဟုတ်လား။ ပူပူနွေးနွေး လွတ်လပ်ရေးအရသာကို ပြည်သူတွေနှစ်ခြိုက်စွာစားသုံးခွင့်မရအောင် လက်နက်အားကိုးနဲ့ ဆူပူ သောင်းကျန်းသစ္စာမဲ့ခဲ့တာမဟုတ်လား။ ပြောရရင် မူလအရင်းခံနဲ့ လုပ်ရပ်ကိုက ယုံကြည်ချက်၊ ခံယူချက်မရှိတော့ လမ်းစဉ်ကမှားနေတယ်။ ပြည်သူကလည်း မထောက်ခံဘူး။ သူတို့ရဲ့အဖျက်လုပ်ရပ် တွေကြောင့် ရွံ့မုန်းပြီး ခါးခါးသီးသီးငြင်းဆန်ခဲ့တယ်။ ဘယ်အဖွဲ့အစည်းမဆို လူထုမပါရင်၊ မထောက်ခံ ရင် တစ်နေ့ကျရှုံးမှာပဲ။
အခုလည်းမြင်နေရပါပြီ။ ကေအိုင်အေ/ကေအိုင်အိုကိုပေါ့။ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ ခေါင်းဆောင်ပိုင်းထဲမှာပဲ နှစ်ခြမ်း၊ သုံးခြမ်းကွဲနေတာတွေ့ရတယ်။ စစ်ကိုလိုလားသူ၊ ငြိမ်းချမ်းရေးကို လိုလားသူ၊ လက်နက်အားကိုးနဲ့ စီးပွားရေးလုပ်ပြီး ကြီးပွားချမ်းသာလိုသူ စသဖြင့်ပေါ့လေ။ အခြား မကြည့်ပါနဲ့။ ကေအိုင်အေခေါင်းဆောင်ပိုင်းနှစ်ယောက်ဖြစ်တဲ့ စစ်ဦးစီးချုပ်ဂမ်ရှောင်နဲ့ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော်တို့နှစ်ယောက်ကိုပဲကြည့်။ ဂမ်ရှောင်က စစ်ကိုလိုလားတယ်။ မောက်မာခက်ထန်တယ်။ လက်ရဲဇက်ရဲနဲ့ တဇွတ်ထိုးလုပ်တတ်တယ်။ လူကသာဘွဲ့ရပညာတတ်၊ လူသတ်ရာမှာတော့ ရက်စက်မှု ကကမ်းကုန်တယ်။ ဒီလိုမိုက်မိုက်ကမ်းကမ်းရက်စက်ရဲလို့ ၁၉၇၉ခုနှစ်မှာ ဂမ်ရှောင် ကေအိုင်အေထဲ ရောက်ပြီး ဆယ်နှစ်တောင်မကြာဘူး။ တပ်ရင်း(၆)ရင်းမှူးဖြစ်ခဲ့တာ။ ရင်းမှူးဖြစ်ပြီးမကြာပါဘူး။ ၁၉၈၉ ခုနှစ်မှာ ဖားကန့်မြို့နယ်ထဲက စပေါ့ရွာသား ၃၀ ကျော်ကို မူးယစ်ဆေးဝါးအမှုနဲ့စွပ်စွဲပြီး ရက်ရက် စက်စက်သတ်ဖြတ်ခဲ့တယ်။ အဲဒီရှေ့မှာလည်း လူတွေသတ်ခဲ့တာမနည်းဘူး။
အခုလည်း သူ့လက်အောက်ငယ်သားတွေကို စစ်ရေးမှာ မသနားဖို့၊ မိုင်းခွဲဖျက်ဆီးရာမှာ မငဲ့ကွက်ဖို့၊ ဘယ်သူ့မျက်နှာမှ မထောက်ဖို့ ဖိအားတွေအမြဲပေးနေတယ်။ မလုပ်ဘဲနေတဲ့လူ၊ သူ့အမိန့် ဆန့်ကျင်တဲ့သူဆိုရင် သူ့ပစ္စတိုက မီးပွင့်တွေပဲ နောက်ဆုံးမြင်လိုက်ရတယ်။ မိန်းမလည်း ရှုပ်တယ်။ သူ့ သက်တော်စောင့် လီဆူးမလေးကိုတောင်မချန်ဘဲ ခြေတော်တင်ခဲ့တာကြည့်။ ၂၀၁၀ပြည့်နှစ်တုန်းက လည်း ကွန်ပျူတာစာရေးမလေး ဂေါင်နောတစ်ယောက်သေပါရောလား။ ဒီလိုလူမဆန်တဲ့အလုပ်၊ သစ္စာ မဲ့တဲ့လုပ်ရပ်မျိုးလုပ်ရကောင်းမလားဆိုပြီး သူ့မယားကြီးဒေါ်ရန်ဒွဲဂျာက ပြဿနာရှာတယ်။ သူ့ သမီးကြီး ဂျာဆိုင်းပန်ကလည်း ရှက်လွန်းလို့ ငိုသတဲ့။
အမှန်တော့ဂေါင်နောဇာတ်လမ်းက နည်းနည်းတော့ရှုပ်တယ်။ ဂွမ်မော်နဲ့လိုလို၊ ဘာလိုလိုအသံ ထွက်လိုက်သေးတယ်။ တရားခံအစစ်အမှန်က လူရမ်းကားကြီးဂမ်ရှောင်ဆိုတာ ကေအိုင်အေက အတွင်းလူတွေအကုန်သိတယ်။ အခုဒုက္ခသည်ကယ်ဆယ်ရေးဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌလုပ်နေတဲ့ ဒူဘီးဆားအသိဆုံးပေါ့။ ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိဘူး။
ဒုစစ်ဦးစီးချုပ်အက်စ်ဂွမ်မော်ကတော့ အနေရိုးတယ်။ သူကမလွဲသာလို့ရယ်။ ခေါင်းဆောင်ဆိုတဲ့ သိက္ခာရယ်ကြောင့်သာ လက်နက်စွဲကိုင်နေရတာ သူ့စိတ်ရင်းက ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ ဒါကြောင့်ပဲ ငြိမ်းချမ်းရေးရယူဖို့ စိတ်အေးချမ်းသာစွာ စီးပွားရေးလုပ်ချင်တယ်။ သူလည်းလူသတ်ခဲ့တာ ပဲ။ ဒါပေမယ့် ဂမ်ရှောင်လို ဘ၀တစ်လျှောက်လုံး အမည်းစက်ထင်အောင် မရက်စက်ခဲ့ဘူး။ သူက စီးပွားရေးပဲ စိတ်ဝင်စားခဲ့တာလေ။
ဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လိုက်လျောချင်တယ်။ အစိုးရဘက်က လူကြီးတစ်ချို့နဲ့ ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုရှိတော့ ငြိမ်းချမ်းရေးယူရင် သူ့အတွက် အဆင်ပြေနိုင်မယ်လို့ ယုံကြည်ထားတယ်။ ရွှေလီမှာလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို သူကအောင်မြင် အောင်လုပ်ချင်တယ်။ ဒါပေမယ့် သူ့အထက်စစ်ဦးစီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင်မပြေအောင် အပစ်အခတ်ရပ်စဲတာကို နောက်မှလုပ်မယ်။ နိုင်ငံရေးအရ အရင်ဆုံးဆွေးနွေးမယ်လို့ အမိန့်ချမှတ်လိုက် တော့ သူငုတ်တုတ်မေ့သွားပြီး လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရတယ်။ ဒါသဘာဝမကျဘူး၊ အပစ်အခတ် ကို အရင်ဆုံးရပ်စဲသင့်တယ်။ ကိုယ့်ဘက်မှာလည်း သေသူသေ၊ ထွက်ပြေးသူထွက်ပြေးနဲ့ လူအင်အား ကမရှိတော့ဘူး။ ကချင်လူထုကလည်း ငြိမ်းချမ်းရေးယူစေချင်လှပြီလို့ သူ့တပည့်လူယုံတွေကို ရင်ဖွင့် သတဲ့။
တကယ်လည်း သူတို့အဖွဲ့မှာ အင်အားက တစ်နေ့တစ်ခြားနည်းနည်းလာပြီ။ လူသစ်တွေကို ရတဲ့နည်းနဲ့ စုနေရတယ်။ အခုဆို အမျိုးသမီးတွေကိုတောင်မချန်ဘဲ ကေအိုင်အေအဖွဲ့ထဲကို ၀င်ရမယ် လို့ ရာဇသံလိုလို၊ စည်းရုံးသလိုလိုနဲ့စုနေလေရဲ့။ ကေအိုင်အေ တပ်မဟာ(၅)က တပ်ကြပ်ကျော်ဆန်းနဲ့ အင်အားသုံးဆယ်ကျော်တို့ ၂၀၁၂ခုနှစ် ဧပြီလ က အစိုးရနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးယူသွားပြီးနောက် ပိုင်းမှာ ရှမ်းလူမျိုးတွေကို မယုံဖို့၊ လူသစ်စုရာမှာ ကချင်လူမျိုးကိုသာ စုဖို့ ဂမ်ရှောင်က ဧပြီလ ၁၈ ရက် နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ခဲ့တယ်။ အခုတော့ ရှမ်းရော၊ ဗမာရော၊ ကုလားရော မချန်တော့ဘူး။ ရသမျှ အကုန်လူသစ်စုနေတယ်။ အင်အားကလိုလာပြီလေ။ လူသစ်စုရတာကလည်း မလွယ်ဘူး။ လူတွေက စစ်ဘေးစစ်ဒဏ်နဲ့ သူတို့ရန်ကိုကြောက်လို့ မြို့ပေါ်ကိုပြောင်းပြေးသူပြေး၊ အစိုးရကယ်ဆယ်ရေးစခန်း တွေဆီပြေးသူပြေးကြနဲ့ပေါ့။
သူတို့တွက်ကိန်းကမှန်တယ်။ ဒီမှာဆက်နေရင် သေတစ်နေ့ ငတ်တစ်နေ့ဖြစ်တော့မှာမဟုတ် လား။ ကေအိုင်အေတို့ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းလို့အမည်ပေးထားတဲ့ စခန်းတွေကလည်း တကယ်တော့ လူသစ်စုဆောင်းရာစခန်း၊ အရေးကြုံရင် လူထုတ်သုံးနိုင်အောင်စုဖွဲ့ထားတဲ့ စခန်းပါပဲ။ အဲဒီလူတွေကို တစ်နေ့ ဆန်နို့ဆီဗူး နှစ်ဗူးနဲ့ ဟင်းဖိုးငွေ နှစ်ရာကျပ်ပေးမယ်လို့ စည်းရုံးထားပေမယ့် လက်တွေ့က ဆန်နှစ်ဗူးတောင်မှ ရတာတစ်ရက်၊ မရတာက နှစ်ရက် သုံးရက်လေ။ တကယ်သာ ဒီဒုက္ခ သည်တွေအပေါ် စေတနာအမှန်ရှိရင် အများကြီးထောက်ပံ့ထားလို့ရတယ်။ UN ကထောက်ပံ့ထားတဲ့ စားနပ်ရိက္ခာတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေကထောက်ပံ့ထားတဲ့ ပစ္စည်းတွေကနည်း တာမှတ်လို့။ ဘယ်ရောက်ကုန်ပြီလဲ။ ဆက်ကြေးကောက်ထားတဲ့ သိန်းထောင်ပေါင်းများစွာကရော၊ ပြီး တော့ ကျောက်စိမ်းနဲ့ ရွှေမှော်လုပ်ကွက်တွေကို အဓမ္မသိမ်းပြီး ဒလဟော ၀င်နေတဲ့ ငွေတွေကရော၊ ဘယ်ရောက်ကုန်ပြီလဲ။ အဲဒီငွေတွေထားပါတော့။ ထောက်ပံ့ထားတဲ့စားနပ်ရိက္ခာတွေနဲ့တင် ဒုက္ခသည် တွေကို အကောင်းဆုံးကျွေးလို့ရတယ်။ ခုတော့ အဲဒီပစ္စည်းနဲ့ ငွေတွေက သူတို့ရဲ့ စစ်အောင်နိုင်ရေး အသုံးစရိတ်နဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ အကျိုးစီးပွားတွေထဲရောက်သွားရှာပြီထင်ပါရဲ့။ ဒါတွေကိုလည်း ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌလုပ်နေတဲ့ ဒူဘီးဆားက အသိဆုံးနေမှာပါ။
အင်းတကယ်တော့ သူလည်းဝေစားမျှစားလူရမ်းကားနှာဘူးကြီးတစ်ယောက်ပါပဲလေ။ ဘာလို့ နှာဘူးကြီးလို့ ပြောရသလဲဆိုတော့ Je Yang ဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်ကောင်မလေးတွေ ကို တိတ်တဆိတ်မက်လုံးပေး၊ ခြောက်လုံးတွေပေးပြီး ပျော်တော်ဆက်နေလို့ပဲ။ ဒီသတင်းသဲ့သဲ့ကို ကြားသွားတဲ့ ဂွမ်မော်က ခေါ်ပြီး သတိပေးရတဲ့အဆင့်အထိရောက်တယ်။ အင်း…….Je Yang ဒုက္ခသည်စခန်းဆိုတာ ဌာနချုပ်နယ်မြေ လိုင်ဇာမှာ ရှိတာဆိုတော့ မသိဘဲ၊ မကြားဘဲနေပါ့မလားနော်။
ဒါကြောင့်ပဲ ကေအိုင်အေအဖွဲ့သားတွေ စိတ်ပျက်၊ စိတ်ဓာတ်ကျလာရတာပေါ့။ ထွက်ပြေးသူ ပြေး၊ အဖမ်းခံတဲ့သူကအဖမ်းခံပေါ့။ ဒီလိုမှ မလုပ်ရင်လည်း သူတို့ဘ၀တွေက အာမခံချက်မရှိတော့ဘူး။ အနာဂတ်အတွက် ဘ၀အာမခံချက်လည်းမရှိ၊ အခုလည်း ဆင်းဆင်းရဲရဲနဲ့ ဘယ်တော့သေမလဲ တွေးပူ နေရတာဆိုတော့ ကိုယ်လွတ်ရှောင်ခွာပြေးရရှာတာပေါ့လေ။ မလွဲသာလို့ ခိုင်းတာလုပ်၊ ကျွေးတာစားပြီး စစ်တိုက်နေရတဲ့သူတွေခမျာမှာလည်း ယုံကြည်ချက်၊ ခံယူချက်မရှိ၊ ရည်ရွယ်ချက်မရှိ၊ ရည်မှန်းချက်မရှိ၊ ရည်မှန်းချက်ဘာမှန်းမသိတဲ့ဘ၀တွေနဲ့ လျှောက်သောလမ်းမှာ စမ်းတဝါးဝါးနဲ့ပေါ့။
စစ်တပ်ကလည်း အရင်လိုသဘောထားမပျော့တော့ဘဲ စစ်ဆင်ရေးတွေ တိုးလုပ်လာတာတွေ့ ရတယ်။ ဒါကလည်း ကေအိုင်အေက ကာမိုင်းစခန်းတို့ ဘာတို့ကို သွားပြီး တိုက်ခိုက်သိမ်းပိုက်တာရယ်။ လမ်းတံတားတွေကို ပြုပြင်ဖောက်လုပ်နေတဲ့လမ်းကို ဖျက်ဆီး၊ စစ်ရေးနဲ့မသက်ဆိုင်တဲ့ဆောက်လုပ်ရေး ၀န်ထမ်းတွေ၊ အလုပ်သမားတွေကို ပစ်ခတ်တိုက်ခိုက်တာရယ်၊ ပြီးတော့ရိက္ခာပို့ယာဉ်တန်းတွေကို တိုက်ခိုက်နေခဲ့တာဆိုတော့ စစ်တပ်ကဆော်ပြီပေါ့။ တကယ်တော့ အဲဒီယာဉ်တန်းတွေအပေါ်မှာ တင်လာတဲ့ စားနပ်ရိက္ခာတွေက စစ်တပ်အတွက်မဟုတ်ဘူး။ စားဝတ်နေရေးအခက်တွေ့နေကြတဲ့ ဒေသခံတွေနဲ့ဝန်ထမ်းတွေအတွက် ကချင်ပြည်နယ်အစိုးရ၊ စေတနာရှင်တွေနဲ့ စစ်တပ်က ထောက်ပံ့တဲ့ ပစ္စည်းတွေပါ။ ဒါကိုကေအိုင်အေက သွားပြီးတိုက်ခိုက်တော့ ဘယ်သူကများ ငြိမ်ခံချင်မှာတဲ့လဲ။ ဒီခရီးကို သွားရင် ဒီလိုအတိုက်အခိုက်ခံရမယ်ဆိုတာ စစ်တပ်ကလည်း တွက်ဆထားပြီးသားပါ။ ဒါပေမယ့် အခက်တွေ့နေတဲ့ ဒေသခံတွေကို အဆင်ပြေစေချင်တဲ့စေတနာကြောင့် စစ်တပ်က ယာဉ်တန်းလုံခြုံရေးနဲ့ ပို့ပေးခဲ့တယ်။ ကေအိုင်အေတိုက်ခိုက်မှုကြောင့် စစ်သားအတော်များများ ကျသွား တယ်။ ခရီးကြုံလိုက်ခဲ့တဲ့ ပြည်သူအချို့နဲ့ ယာဉ်မောင်းအချို့လည်း သေကျေဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ဒါကြောင့် စစ်တပ်က သူ့ရဲ့စစ်ရေးစွမ်းရည်ကို ထုတ်ပြတဲ့သဘောနဲ့တိုက်ခိုက်တာ။ ပြောရရင် နဂါးမှန်းသိအောင်အမောက်ထောင်ပြလိုက်တာပဲ။
အခုနောက်ဆုံးကြားရတဲ့သတင်းက စစ်တပ်က ကေအိုင်အေရဲ့ ပွိုင့်-၇၇၁ တောင်ကုန်းကို လေကြောင်းစစ်ကူနဲ့ တိုက်ခိုက်သိမ်းပိုက်တယ်လို့ကြားတယ်။ စစ်တပ်က လေတပ်တွေပါ ပါလာပြီဆို တော့ ကေအိုင်အေအဖွဲ့သားတွေဘာလုပ်ရမှန်းမသိတော့ဘူး။ အချို့လစ်ပြေးသွားကြသူတွေရှိတယ်။ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရတာက ငယ်သားတွေမဟုတ်လား။ အများဆုံးသေတာလည်း သူတို့ပါပဲ။
ခေါင်းဆောင်ပိုင်းတွေကလည်း တစ်ချက်ကလေးမှ အောက်ကို ပြန်မကြည့်တဲ့အပြင် ကိုယ်ကျင့် တရားတွေ ဖောက်ဖျက်ကြ၊ ရက်ရက်စက်စက်ခိုင်းနေကြတာဆိုတော့ ငယ်သားတွေရဲ့ ယုံကြည်ကိုးစား မှုကို မရတော့ဘူး။ ခေါင်ကမှ မိုးမလုံမှတော့ မိုးကယိုပြီပဲပေါ့။ အင်းဒီအတိုင်းဆိုရင်တော့ ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့လည်း ဗကပတို့ရဲ့ နောက်ဆုံးလမ်းကို လိုက်ကြရဖို့သေချာပြီ။ ဒီအတိုင်းသာဆင်ကန်း တောတိုးလုပ်နေရင် အဲဒီအဖွဲ့မကြာခင် ပြိုကွဲပျက်စီးတော့မယ်လို့ အသေအချာပြောရဲတယ်။ ဘာလို့ ဒီလိုအတိအကျပြောရသလဲဆိုတော့ ကျွန်တော်လည်းတစ်ခါက ခေါင်မလုံတဲ့ကေအိုင်အေခေါင်းဆောင် တွေရဲ့ လက်အောက်မှာ မိုးရေစိုခံငယ်သားတစ်ယောက်ဖြစ်ခဲ့ဖူးလို့ပါပဲ။
ဪ……ကေအိုင်အေခေါင်းဆောင်တွေရဲ့ ခေါင်ကမှ မလုံမှတော့ ကေအိုင်အေလက်အောက် ငယ်သားတွေ မိုးရေတွေ ရွှဲရွဲစိုခံရတာဟာ မဆန်းလှပါဘူးလေ။
အညတရမိုးစိုခံတစ်ဦး
From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)

1 ယောက် ဆွေးနွေးခဲ့တယ်:
ခေါင်မလုံတာမဟုတ်ဘူးခေါင်ကိုမရှိတာ ဟုတ်တယ်လေ
တရုတ်ပြည်မှာမဟုတ်လား မိုးယိုနေတာမဟုတ်ဘူး
ရေကြီးနေတာအခုထိအမြင်မှန်မရသေးဘူး
အကုန်ကုန်မှအမြင်မှန်မယ်နဲ့တူတယ်
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။