Jan 7, 2013

ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ

ဂျီနီဗာကွန်ဗင်းရှင်းများ (Geneva Conventions)
တကယ်တော့ ဂျီနီဗာကွန်ဗင်းရှင်းများသည် လက်နက်ကိုင်ပဋိပက္ခများတွင် လူသားများအပေါ် ပြုမူဆက်ဆံရမည့် နိုင်ငံ တကာစံနှုန်းများကို ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ဂျီနီဗာကွန်ဗင်းရှင်းများတွင် ကွန်ဗင်းရှင်းလေးခုနှင့် နောက်ဆက်တွဲ သဘောတူညီချက် (additional protocol) သုံးခုပါဝင်သည်။ ဂျီနီဗာကွန်ဗင်းရှင်းများ၏ အစမှာ ပြင်သစ်နှင့် သြစတြီးယား တပ်များ ၁၈၅၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့ အီတလီနိုင်ငံ Solferino မြို့ အနီးတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲဖြစ်သည်။ ထိုတိုက်ပွဲ နေရာသို့ ရောက်သွားခဲ့သော ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ လူမှုရေးကူညီလှုပ်ရှားသူလည်း ဖြစ်သည့် ဟန်နရီဒူးနန့်သည် ထို့နေ့တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သော နှစ်ဘက် တပ်ဖွဲ့များက စစ်သည် သုံးသောင်း ရှစ်ထောင်ကျော် စစ်မြေပြင်မှာ ပြုစုသူ၊ ကယ်ထုတ်သူမရှိပဲဖြစ်နေသည်ကိုတွေ့ခဲ့ရပြီးထိုလူနာများကို ဘေးကင်းရာသို့ ရွှေ့ ပြောင်းပေးနိုင်ရန်နှင့် ကူညီနိုင်ရန်အတွက် ၎င်း၏ကိုယ်ပိုင်ငွေကြေးဖြင့်စေတနာရှင်များ၏ အကူအညီကို ရယူဆောင်ရွက် ပေးခဲ့ရသည်။

၁၈၆၂ ခုနှစ်တွင် ဟင်နရီဒူးနန့်က Solferino တိုက်ပွဲအကြောင်းကို စာအုပ်ရေးသားခဲ့ပြီး စစ်ပွဲများတွင် ဒဏ်ရာရရှိသူများကိုကာကွယ်စောင့်ရှောက်ရန်အတွက်နိုင်ငံတကာသဘောတူညီချက်စာချုပ်တစ်ခုပေါ်ပေါက်ရေးကို လှုံ့ဆော်ခဲ့သည်။ ၎င်း ၏ကျေးဇူးဖြင့် ၁၈၆၃ ခုနှစ်တွင် နိုင်ငံတကာကြက်ခြေနီကော်မတီ International Committee of the Red Cross (ICRC) ပေါ်ပေါက်ခဲ့ပြီး ၁၈၆၄ ခုနှစ်တွင် စစ်ပွဲအတွင်းဒဏ်ရာရသူများနှင့်ပတ်သက်သည့် ပထမဂျီနီဗာကွန်ဗင်းရှင်းပေါ်ပေါက်လာခဲ့ ရသည်။ ၁၉၀၆ ခုနှစ်တွင်တော့ ပင်လယ်ပြင်စစ်ပွဲများအတွင်းဒဏ်ရရသူများနှင့်ပတ်သက်သည့် ဒုတိယဂျီနီဗာကွန်ဗင်း ရှင်း၊ ၁၉၂၉ ခုနှစ်တွင် စစ်သုံ့ပန်းများနှင့်ပတ်သက်သည့် ဂျီနီဗာကွန်ဗင်းရှင်းများဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင်မူစစ်ပွဲအတွင်းက အတွေ့အကြုံများကိုအခြေခံပြီး စစ်ပွဲများအတွင်း အရပ်သားများကိုအကာအကွယ် ပေးနိုင်ရန်အတွက်လိုက်နာရမည့် စတုတ္ထဂျီနီဗာကွန်ဗင်းရှင်း Geneva Convention relative to the Protection of Civilian Persons in Time of War ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။

၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်းမှာ စစ်ပွဲအခြေအနေအားလုံးနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက် ၂ နှင့် ၃ ( Common Articles 2 and 3 ) ပါရှိသည်။ ပြဋ္ဌာန်းချက် ၂ က နိုင်ငံတကာစစ်ပွဲများနှင့်သက်ဆိုင်ပြီး ပြဋ္ဌာန်းချက် ၃ က နိုင်ငံတကာ တကာအဆင့်မဟုတ်သည့် လက်နက်ကိုင်ပဋိပက္ခများ (Non-International Armed Conflict ) တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်သက်ဆိုင်သည်။

ပြဋ္ဌာန်းချက် ၃( Common Articles 3 )
ပြဋ္ဌာန်းချက် ၃ မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နမိတ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များဖြစ်သည်။ ပြဋ္ဌာန်းချက် ၃ ၏ ဖွင့်ဆိုချက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟုဆိုရာတွင် အစိုးရနှင့် ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများသာမက အစိုးရကို ဆန့်ကျင်နေသည့်အဖွဲ့များအချင်းချင်းဖြစ်ပွားသည့်ပဋိပက္ခများလည်းပါဝင်သည်။

ပြဋ္ဌာန်းချက် ၃ က ဒဏ်ရာရမှုကြောင့်လည်းကောင်း၊ ဖျားနာမှုကြောင့်လည်းကောင်း၊ အဖမ်းခံရခြင်းကြောင့် လည်းကောင်း တိုက်ပွဲဝင်နိုင်မှုမရှိသည့် စစ်သည်များအပါအ၀င် စစ်ပွဲနှင့်ပတ်သက်မှုမရှိသူများ( အရပ်သားများ)အပေါ် အောက်ပါ အချက်များမပြုလုပ်ရန်တားမြစ်ထားသည်။
(က) သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ လူမဆန်စွာဆက်ဆံခြင်း၊ နှိပ်စက်ခြင်း။
( ခ) ဓားစာခံအဖြစ်ဖမ်းဆီးခြင်း။
( ဂ) ဂုဏ်သိက္ခာထိပါးနိမ့်ကျအောင် ပြုမူဆက်ဆံခြင်း။
(ဃ) တရားရုံးများတွင် ဥပဒေနှင့်အညီစစ်ဆေးခြင်းမပြုဘဲ ပြစ်ဒဏ်ချမှတ်ခြင်း။


နောက်ဆက်တွဲ သဘောတူညီချက်များ (additional protocols)
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင်ပေါ်ပေါက်လာသည့် စစ်အေးတိုက်ပွဲအတွင်းတွင်မူ စစ်ပွဲများ၏ သဘာဝမှာ ပြောင်းလဲ လာခဲ့သည်။အထူးသဖြင့်စစ်အေးတိုက်ပွဲကာလတွင် နိုင်ငံချင်းဖြစ်ပွားသည့်စစ်ပွဲထက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ကပိုမိုများပြားလာခဲ့သည်။ ထိုအခြေအနေများကို ခြုံငုံမိစေရန်အတွက် ရှိပြီးဂျီနီဗာကွန်ဗင်းများကို အထောက် အကူ ပေးမည့်နောက်ဆက်တွဲသဘောတူညီချက်များကို နိုင်ငံတကာကွန်ဖရင့်များတွင်အတည်ပြုခဲ့ရသည်။ ထိုကဲ့သို့ အတည်ပြု ခဲ့သည့် သဘောတူညီချက်သုံးခုရှိသည့်အနက် ၁၉၇၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဒုတိယနောက်ဆက်တွဲ သဘောတူညီ ချက် Protocol Additional to the Geneva Conventions of 12 August 1949, and relating to the Protection of Victims of Non-International Armed Conflicts (Protocol II) ) သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့် သက်ဆိုင်ပါသည်။

ဒုတိယနောက်ဆက်တွဲသဘောတူညီချက်ပုဒ်မ ၂၅ ခုပါဝင်ပြီး ပုဒ်မ အားလုံးမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များတွင် စစ်ပွဲ၌ပါဝင်ခြင်းမရှိသူ ( အရပ်သားနှင့် ဒဏ်ရာရ/ အဖမ်းခံစစ်သည်များ) များအပေါ် လိုက်နာကျင့်သုံးရမည့် အချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ နှင့် ဒဏ်ရရသူများကို ရှာဖွေခြင်း၊ ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများတွင်လိုက်နာရမည့် အချက် များသာပါဝင်ပါသည်။

ကချင်ပြည်နယ်ကတိုက်ပွဲများ

တကယ်တော့ ဂျီနီဗာကွန်ဗင်းရှင်းသည် နိုင်ငံတကာစစ်ပွဲများနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် လူသားများ အပေါ် ဆက်ဆံရာတွင် လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း လိုက်နာရမည့်အချက်များကို ပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် စစ်ပွဲတွင်းပါဝင်ပတ်သက်နေသူများ (About people in war) နှင့် သာ ပတ်သက် ပါသည်။ စစ်ဆင်မှုနည်းလမ်း (Warfare) များနှင့်လုံးဝ ( လုံးဝ) ပတ်သက်မှုမရှိပါ။

ထို့ကြောင့် ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး မီဒီယာများပေါ်တွင် ဂျီနီဗာကွန်ဗင်းရှင်းတွင် ပြည်တွင်းစစ်(သို့မဟုတ်) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် လေယာဉ်များအသုံးမပြုရ ဆိုသည် ပြောဆိုရေးသားမှုများသည်ဂျနီဗာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များအပေါ်နားလည်မှုလွဲမှားနေခြင်းသာဖြစ်သည်။ တပ်မတော် အနေဖြင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ပွဲများတွင် လိုအပ်ချက်အရ လေယာဉ်ပျံများအသုံးပြုခဲ့သည်မှာ ယခုမှ မဟုတ်ပါ။ဖဆပလအစိုးရလက်ထက်လွတ်လပ်ရေးရပြီးစအချိန်တွင်ပြည်ဘက်မှရန်ကုန်သို့ချီတက်လာသည့် သောင်းကျန်း သူတပ်ဖွဲ့များကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ လေတပ်သာမက ရေတပ်က အမြောက်တွေပါ ကုန်းပေါ်တင်ပြီးရန်ကုန်မြို့ကိုခုခံကာကွယ်ခဲ့ရသဖြင့်ရန်ကုန်အစိုးရဘ၀ကလွတ်မြောက်ခဲ့ရခြင်းဖြစ်ပါသည်။
ထို့နောက်တွင်လည်းစစ်ဆင် ရေးကြီးများတွင် လေကြောင်းမှ ထောက်ပံ့ရေးဆောင်ရွက်သကဲ့သို့ လေကြောင်းမှ ပစ်ကူပေးခဲ့သည့် ဖြစ်စဉ်အများ အပြား ရှိပါသည်။ နိုင်ငံတကာမှာလည်း ဒီလိုသာဓကတွေ အများကြီးရှိသည်။ လေကြောင်းမှတိုက်ခိုက်တာ၊ မတိုက် တာက အရေးမကြီး၊ အရေးကြီးတာက ဒီတိုက်ခိုက်မှုတွေမှာ အပြစ်မဲ့အရပ်သားတွေ ထိခိုက်မှုမရှိအောင်တတ်နိုင်သမျှ ရှောင်ရှား ရန်ဖြစ်သည်။ ဒါကမှ ဂျီနီဗာကွန်ဗင်းရှင်းကိုလိုက်နာခြင်းဖြစ်သည်။ ဒါ့ကြောင့်လည်း တပ်မတော်အနေဖြင့် လိုင်ဇာ လို ကေအိုင်အေက စစ်ရှောင်ပြည်သူများကို စုစည်းထားသည့်နေရာမျိုးကို လုံးဝတိုက်ခိုက်မှုမပြုလုပ်ခြင်းဖြစ်သည်။

ဂျီနီ ဗာကွန်ဗင်းရှင်းများတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၌ စစ်သည်များအပေါ်တွင်လည်းကောင်း၊ အရပ်သားများ အပေါ်တွင်လည်းကောင်း မည်ကဲ့သို့ ပြုမူဆက်ဆံရမည်ကို အတိအကျပြဋ္ဌာန်းထားမှုများရှိရာ ယနေ့ ကချင်ပြည်နယ် အခြေအနေကို စိတ်ဝင်စားသူများအနေဖြင့် ထိုအချက်များကို သိထားသင့်ပေသည်။ ဥပမာအားဖြင့် ဒုတိယ နောက်ဆက် တွဲသဘောတူညီချက်ပုဒ်မ ၄မှာ စစ်ပွဲမှာ ပါဝင်ခြင်းမရှိသူ ( အရပ်သားများနှင့် ဒဏ်ရာကြောင့်၊ ဖျားနာမှုကြောင့်၊ အဖမ်းခံရ မှုကြောင့် တိုက်ပွဲမ၀င်တော့သည့် စစ်သည်များ) အပေါ် ဓားစာခံဖမ်းဆီးခြင်း၊ အကြမ်းဖက်မှု ကျူးလွန် ခြင်း (acts of terrorism)၊ ပုဂ္ဂလိဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေရန် ဆောင်ရွက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများ မပြုလုပ်ရန် တားမြစ် ထားရာဒီကနေ့ကေအိုင်အေဘက်ကအင်တာနက်ပေါ်တွင်လွှင့်တင်ထားသည့် ဓာတ်ပုံအရတွေ့မြင်နေရသည့် လုပ်ရပ်များ မှာ ဂျီနီဗာကွန်ဗင်းရှင်းနှင့် ညီမညီစဉ်းစားသင့်ပေသည်။

အလားတူပင် ပုဒ်မခွဲ ၃ ပါ အသက် ၁၅ နှစ်အောက်ကလေးငယ်များကို လက်နက်ကိုင်ဆောင်ပြီး တိုက်ပွဲ ၀င်ခွင့် မပြုရန်တားမြစ်ချက်များ၊ ပုဒ်မ ၁၄ပါ အရပ်သားများအတွက် ရိက္ခာပို့ဆောင်မှုများ၊ ရိက္ခာစိုက်ပျိုးထုတ်လုပ်ရာ နေရာများ ကို တိုက်ခိုက်ခြင်းမပြုရန် တားမြစ်ချက်များ၊ ပုဒ်မ ၁၅ပါ ဆည်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက် ခြင်း မပြုရန် တားမြစ်ချက်များကို ကေအိုင်အေအဖွဲ့၏ တိုက်ခိုက်နေမှုအခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ် မည်ဆိုပါက ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ကိုက်ညီမှုရှိမရှိ ဝေဖန်သုံးသပ်စရာများပေါ်ပေါက်လာမည်ဖြစ်ပါသည်။

ယနေ့နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုတွေအများကြီးရှိသကဲ့သို့ စိန်ခေါ်မှုတွေလည်း အများကြီးရှိပါသေးသည်။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်သကဲ့သို့ ပဋိပက္ခတွေဆက်ဖြစ် နေတာလည်းရှိသည်။ ဒါတွေကို မီဒီယာများက သုံးသပ်ရေးသားကြတာလည်း သဘာဝကျပါသည်။ သို့သော် နိုင်ငံ တကာကွန်ဗင်းရှင်းတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ချိတ်ဆက်ပြီးရေးသားသုံးသပ်မည်ဆိုလျှင်တော့ ထိုကွန်ဗင်းရှင်းများ အကြောင်းလေ့လာပြီးနှစ်ဘက်လုံးက ကွန်ဗင်းရှင်းနှင့်မကိုက်ညီသည့်လုပ်ရပ်များရှိလာပါက ဘက်မလိုက်ပဲ ထောက်ပြခြင်း က ပိုပြီး သင့်တော်လိမ့်မည်ထင်ပါသည်။

From:[_ ရဲထွဋ်_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ