Oct 2, 2012

KNU နှင့် KNLA ခေါင်းဆောင်ပိုင်း ပြဿ နာများရှိဟု အထွေထွေ အတွင်းရေးမှူး ပြော


ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အကြား ကွဲနေပြီဆိုသည့် ကောလဟလများ မှန်ကန်မှုမရှိကြောင်းနှင့်လတ်တလောဖြစ်နေသည့် ပြဿ နာမှာ ခေါင်းဆောင်မှုအတွင်း သဘောထားကွဲ ပြားခြင်းသာ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ကေအိုင်စီ သို့ ပြောကြားလိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၂၉ရက်နေ့က KNLA မှ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်ကိစ္စကို KNU ၏ သဘော ဆန္ဒမပါကြောင်း ရက်ပိုင်းအတွင်းက KNU က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီးနောက်ပိုင်း KNU အထွေထွေ အတွင်းရေးမှူး က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
နော်စီဖိုးရာစိန်က “အခုကြားနေရသလိုမျိုး KNU နဲ့ KNLA သဘောထား ကွဲလွဲတယ်ဆိုတ အဓိကတော့ ခေါင်းဆောင်ပိုင်းက ပြဿနာဖြစ်တာမျိုးပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် ကျမတို့ ရှေ့ ဆက်လုပ်ရမယ့်လုပ်ငန်းတွေ၊ လုပ်စရာရှိတာတွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ပြီး လုပ်ဆောင်သွားကြမှာပါ”ဟု ပြောသည်။
ဖားအံမြို့၌ ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ရာတွင် ပါသွားခဲ့သူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA တပ် မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီကလည်း ယခုလို ပြောသည်။
၎င်းက “ခုချိန်မှာ အထက်အမိန့်အရ လိုက်လုပ်နေရတာပဲ။ နှစ်ဖက်စလုံးကြည့်ရင် ကျနော်တို့ ခေါင်းဆောင်တွေချည်းပါပဲ။ လက် ရှိအခြေအနေက ခေါင်းဆောင်တွေ ပြဿနာပဲမို့ သူတို့တွေ အချင်းချင်း မျက်နှာချင်းဆိုင် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်း သွားနိုင်ရင် အကောင်းဆုံးပေါ့။ ဒီအတွက် ကျနော်တို့လည်း တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင်ရမှာပဲ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
KNLA
တကယ်တော့ ဖားအံ ဆက်ဆံရေးရုံးက (လခသ)ဗဟိုရုံးအနေနဲ့ မဟုတ်ပါဘူး။ KNLA တပ်မဟာများ ဆက်ဆံရေးရုံးအနေနဲ့ ဖွင့်တာပါ။ ရည်ရွယ်ချက်ကတော့ အပစ်အခတ်ရပ်စဲရေးကာလမှာ အောက်ခြေက မတော်တဆဖြစ်တာတွေကို ဖြေရှင်းဖို့၊ နား လည်မှု ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ပါပဲ။ ဒါတွေပြီးမှသာ နိုင်ငံရေးစကားပြောမဲ့ ခေါင်းဆောင်တွေက အေးအေးဆေးဆေး ဆွေးနွေးလို့ရမယ်။ အဲဒီအခါကျရင် တပ်တွေက ၀င်ပါဖို့ မလိုတော့ဘူးလေ”ဟု ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။
မြန်မာအစိုးရနှင့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အချိန်မှစ၍ နှစ်ဖက် အပြန်အ လှန် ဆက်ဆံရေးရုံးများကို KNU အနေဖြင့် ဖွင့်လှစ်ခြင်းမျိုးသာ သဘောတူညီချက်ရှိခဲ့ပြီး သတ်မှတ်ချက်အရ KNU ခရိုင်အဆင့် မှ ဗဟိုအဆင့်ထိ တပ်ကိစ္စများအပြင် အုပ်ချုပ်ရေး၊ လူမှုရေးနှင့် အခြားကိစ္စများကိုပါ နှစ်ဖက် ဆွေးနွေးသွားရန်ဖြစ်ကြောင်း နော် စီဖိုးရာစိန်က ဆိုသည်။
KNU
ယင်းဖားအံမြို့ ဆက်ဆံရေးရုံးကို ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထောနှင့် ပဒိုစောရောဂျာခင်တို့ အပါအ၀င် ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ်ဆာမိစေးဖိုး၊ ဗိုလ်မှူးချုပ်ဂျော်နီတို့နှင့်အတူ အခြားအရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်များ သွားရောက်ဖွင့်လှစ်ခဲ့ကြရာ ၎င်းမှာ ဗဟိုဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှု မဟုတ်ဟု စက်တင်ဘာလ ၂၇ရက်နေ့က KNU မှ ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် တပ်မဟာမှူးများနှင့် ခရိုင်ခေါင်းဆောင်အခိျု့သာ နယ်စပ်သို့ပြန်လည်ရောက်ရှိလာပြီး ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး တို့မှာ ရန်ကုန်သို့ ရောက်ရှိနေသည်ဟု ပြည်တွင်းသတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။ ၎င်းတို့ ပြန်လည်ရောက်ရှိ လာပါက ဆွေးနွေးတိုင်ပင်မှုများကို ဆက်လက် ပြုလုပ်သွားမည်ဟုလည်း KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။
 From: နန်းသူးလေ (ကေအိုင်စီ)
_____________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ