ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ဒီမိုကရေစီရပေပြီ။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဒီမို ကရေစီချပေးလိုက်သောအခါ ဦးဘမောင် သည်လည်း အလိုလိုနေရင်း ဒီမိုကရေစီရ သွားခြင်းဖြစ်သည်။
ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်ခွင့်ဟု ဆိုကြသည်။
ဦးဘမောင်လည်း ယခင်က သင်္ဘောသားဟောင်းမို့ နိုင်ငံအတော်များများ ရောက်ဖူးသည်။
တိုးတက်သောနိုင်ငံများတွင် လမ်းဘေး၌ ဈေးရောင်းခွင့်မရှိ။ မိမိနေအိမ် ကို အခွင့်မရှိဘဲ တိုးချဲ့ခြင်းမပြုရ။ကြုံရာအမှိုက်မပစ်ရ၊တွေ့ရှိက ဒဏ်ငွေ။ လမ်း လျှောက်ရင်း ဆေးလိပ်မသောက်ရ။ ယာဉ် ရပ်နားခြင်းမရှိသည့်နေရာတွင် ယာဉ်မရပ်နား ရ။ ယုတ်စွအဆုံး မိမိနေအိမ်၌ပင် နေချင် သလို နေခွင့်မရှိ။ ပတ်ဝန်းကျင်ကို အနှောင့် အယှက်ဖြစ်ပါက တရားစွဲဆိုခံရပေမည်။
ကိုယ့်ရွာတွင် ဤသို့မဟုတ်။
ဘယ်သူမှ မသိပါက မိမိအိမ် (သို့မဟုတ်) တိုက်ခန်းကို တိုးချဲ့ချင်တိုင်း တိုးချဲ့၍ရသည်။ အရင်းအနှီး အနည်းငယ်ရှိပါက ကြိုက်နှစ်သက်ရာ လမ်း ဘေးတစ်နေရာ၌ စိတ်ကြိုက် ဈေးဆိုင်တည် ခွင့်ရှိသည်။ အမှိုက်သရိုက်များ၊ စွန့်ပစ်ပစ္စည်း များကို နှစ်သက်ရာ မြေလွတ်၊ မြေရိုင်းတွင် ပြောင်ပြောင်တင်းတင်း စွန့်ပစ်ခွင့်ရှိသည်။ လမ်းမပေါ် ဆေးလိပ်သောက်ရုံမက လမ်းမ ပေါ်တောက်ထုတ်ပြီး လွှင့်ပစ်၍ရသည်။ ကိုယ်ပိုင်ကားရှိပါက ကားပါကင်မလို၊ လွတ်ရာပလက်ဖောင်း၌ ခပ်တည်တည်ရပ် ထား၍ရနိုင်သည်။ မိမိနေအိမ်၌ ကက်ဆက် ပင်မက လော်စပီကာပင်တပ်၍ တစ် ရပ်ကွက်လုံးကြားအောင် သံသေးသံကြောင် ကာရာအိုကေပင် ဆိုနိုင်သေး၏။
ဤမျှလောက် လွတ်လပ်နေသော နိုင်ငံ၌ ဘာကြောင့် ဒီမိုကရေစီတောင်းကြမှန်း ကိုဘမောင်နားမလည်။
ဒီမိုကရေစီရမှ ကောင်းခြင်းလား၊ ဆိုးခြင်းလားမသိ။ စီးနေ သောကားများဈေး အဆမတန် ပြုတ်ကျသွားခြင်းပင်။သူတစ်သက်လုံး သင်္ဘောလိုက်ပြီး ရှာထားသောငွေဖြင့် ဝယ်ထားသောကားမှာ ဈေးအဆမတန်ပြုတ်ကျသွား၍ အထိနာခဲ့ရ ပြီးပေပြီ။
ယခုလည်း လက်ကျန်ငွေဖြင့် ဈေးပေါ ပေါရသော ကားဟောင်းတစ်စီးကို ထပ်ဝယ် ထားရပေပြီ။ ယင်းမှာ တက္ကသိုလ်တက်နေသော သမီးငယ်က ခါတိုင်းကျောင်းကို ဘတ်စ်ကားနှင့်သွားနေရာမှ ကားဈေးကျ၍ သူငယ်ချင်းများ ကိုယ်ပိုင်ကားဝယ်စီးကြ၍ သူ့ခမျာ လိုင်းကားနှင့်သွားရသည်မှာ မျက်နှာငယ်လှကြောင်း မျက်ရည်တဝိုင်းဝိုင်းနှင့်ဆို၍ ယခင် ထောင်ကျော်ကားကို ရာကျော်မျှပင် ကျ၍ သမီးမျက်နှာမငယ်ရလေအောင် တစ်စီးဝယ်ပေးရပြန်လေသည်။
ဤတွင် ကားဝယ်ပေးရသည်က တစ်ခါ သာကုန်ကျသဖြင့် ကိစ္စမရှိ။ အဓိကက ယခင် သမီးကျောင်းသွားလျှင် ဘတ်စ်ကားခမျှသာ ကုန်နေရာမှ ယခုတော့ ဓာတ်ဆီဖိုးတိုးကုန် နေ၍ မျက်လုံးပြူးနေရခြင်းဖြစ်၏။
ကားဈေး ကျသော်လည်း ဆီဈေးကမကျ၍ ကုန်ကျစရိတ်တိုးခြင်းသာ အဖတ်တင်နေ၏။
အလုပ်အကိုင် အခွင့်အလမ်းက တိုးမလာ။ ဝင်ငွေတိုးမလာဘဲ ရုပ်ဝတ္ထုပစ္စည်းက ပိုကုန်နေ၍ ယခင် မဖောင်းတဖောင်း အိတ်ကပ်လေးက တဖြည်းဖြည်းပါးလျား လာလေပြီ။
ထို့ကြောင့် ဒီမိုကရေစီရ၍ ရုပ်ဝတ္ထု ပစ္စည်းများ ဈေးကျလာသည်ကြားပြီး တောသူ မယားပင် ကားဝယ်စီးရန် အကြံမပေါ်စေရန် ရွာဘုရားသို့သွားကာ ကျိတ်၍ဆုတောင်းကာ သာ နေရလေတော့သတည်း။
ကိုဘဖေလည်း ဒီမိုကရေစီရပေပြီ။
ဒီမိုကရေစီ တောင်းသည့်အထဲတွင် သူမပါ။
သူ့ဘာသာသူ ပန်းရန်ကလေးလုပ်၊ အလုပ်မရှိက အိမ်သာကျင်းလေးတူးပြီး အေးရာအေးကြောင်း နေနေခြင်းဖြစ်သော် လည်း အားလုံးအတိုင်းအတာနှင့် ဒီမိုကရေစီ ပေးချလိုက်သောအခါ သူလည်း ဒီမိုကရေစီရ သွားခြင်းဖြစ်၏။ ဒီမိုကရေစီရသွားသောအခါ ဘာလုပ်ရမှန်းမသိ။ ထိုဒီမိုကရေစီကို ပိုက်ထားရမှာလား၊ ချပဲချထားရမလား သူမသိ။ လက်ထဲတွင်လည်း နတ္ထိ။ သူသိသည်က...
ဆိုင်၏၊ မဆိုင်၏တော့ သူမသိ။ ဒီမို ကရေစီရသွားသောအခါ တယ်လီဖုန်းဈေး များ ကျသွားတာတော့ သူသိ၏။
ယခင်က တယ်လီဖုန်းတစ်လုံးကို အရင်း ငွေဆယ့်ငါးသိန်း၊ အပြင်ပေါက်ဈေး သိန်း ငါးဆယ်ကျော်အထိ ဖြစ်ဖူးသည်ဟု သူကြားဖူးသည်။
ထိုစဉ်က တိုက်အိမ် (တိုက်ခန်း) တစ်ခန်းဈေး သိန်းသုံးဆယ်ကျော်။ ထိုကာလ၌ လက်ကိုင်ဖုန်းပေါက်ဈေး သိန်းငါးဆယ်ကျော်ကို ဘယ်လိုလူကများ ကိုင်ကြပါလိမ့်ဟု သူ တွေးဖူးသည်။
ယခုအခါ တယ်လီဖုန်းဈေးက နှစ်သိန်း ဆိုတော့ သူ့တစ်သက်နှင့်တစ်ကိုယ် မမျှော် မှန်းဖူးသော တယ်လီဖုန်းကို ကိုင်ချင်နေမိ သည်။ လူအတော်များများကလည်း ဖုန်းနဲ့ ကနားနဲ့ဖြစ်နေကြပြီကိုး။ ထို့ကြောင့် တယ်လီ ဖုန်းကိုင်မှ လူရာဝင်သောခေတ်တွင် သူလည်း လူရာဝင်စေရန် အိမ်ဂရန်ပေါင်၍တယ်လီဖုန်း တစ်လုံးဝယ်ကိုင်လိုက်လေတော့သတည်း။
တယ်လီဖုန်းကိုင်ပြီးတော့လည်း ဆက် ရမယ့်သူကမရှိ။ ပျောက်သွားရင်လည်း ငွေ နှစ်သိန်းမို့ ပုဆိုးခါးပုံစထဲ ဝှက်ရတာကလည်း အမော။
နောက်ဆုံး ဖုန်းရှိပြီး ပြောစရာလူမရှိ။ သူ့လိုပဲ လူရာဝင်ချင်နေသော မိန်းမဖြစ်သူ ပဲပြုတ်သည်မိပဲကပါပူဆာ၍ အရစ်ကျစနစ် ဖြင့် ဖုန်းတစ်လုံးဝယ်ပေးလိုက်ရလေတော့၊ခါ တိုင်း ဆိုသေသေရှင်ရှင် ဘယ်သွားသွားမမေးဖူးသော မိန်းမမိပဲကအားတိုင်းယားတိုင်း.."ရှင်ဘယ်မှာလဲ၊ ရှင်ဘယ်လျှောက်သွားနေလဲ၊ ဒီနေ့တော့ ကန်စွန်းရွက်ပဲကြော်ထားတယ်"
စသည်ဖြင့် တယ်လီဖုန်းဆက်ပြီး အာချောင်နေလေတော့သည်။
အစပိုင်းတော့ အများနည်းတူ ဖုန်းလေး ပြောရတာ ပျော်သလိုလို၊ ဘဝင်မြင့်ချင်သလိုလို ရှိသော်လည်း ကြာလာသောအခါ အလုပ်အကိုင်က တိုးမလာ၊ ဒုံရင်း။ တယ်လီဖုန်း ဘေ(လ်)ကသာ တစ်လ တစ်သောင်းမျိုး၊ နှစ် သောင်းမျိုးတိုးလာ၍ မျက်ဖြူဆိုက်ရသော အခြေအနေသို့ ရောက်လာတော့၏။
ထို့ကြောင့် ဖုန်းသံမြည်လာသောအခါ စိတ်ဆိုးပြီး
"သောက်ကန်းမ ဖုန်းချည်းခွဆက်မနေနဲ့၊ ဖုန်းဘေ(လ်)ဆောင်ဖို့ ပိုက်ဆံပေါနေတာ မဟုတ်ဘူး သေနာမရဲ့"ဟူသော ပီယဝါစာ စကားကို တစ်တစ်ခွခွကြားအောင် ပြောရ သောဘဝကို ရောက်ရလေသည်။
မိပဲကလည်း ပါးသည်။ ထိုကဲ့သို့ အကြိမ်တစ်ရာမျှ ဆဲဆိုခြင်းပြီးစီးမှ နားလည်ခြင်းကို ရောက်၏။
ထိုသို့ဖြင့် ဝယ်ထားပြီး နေ့ခင်းပိုင်း အသံမမြည်တော့သော တယ်လီဖုန်းမှာ ကိုဘဖေအိပ်ပျော်ပြီး ညခင်းဆယ့်နှစ်နာရီ စွန်းစွန်းတွင် အသံထမြည်ပြီး အိပ်မှုန်စုံမွှားနှင့် ဟယ်လို လိုက်မှ။
"ဒီအချိန်လေး ဖုန်းဘေ(လ်) သက်သာလို့ဆက်တာပါတော" ဟူသော နံဘေးနားက မိပဲအသံကြားမှ
"အာ..ဒီဂန်းမတော့"ဆိုကာ မိပဲ တင်ပါး ထကန်ခြင်းဖြင့် ပြီးစီးခြင်းကို ရောက်လေတော့သတည်း။
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။