မန္တလေးဘူတာကြီး၏
အပေါ်ထပ်များအားအဆင့်မြှင့်ဟိုတယ်နှင့်အဆင့်မြှင့်ဈေးဝယ်စင်တာများ
ဖွင့်လှစ်လိုသည့်မြန်မာနိုင်ငံသား များအား ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း
မြန်မာ့မီးရထားကသိရှိရသည်။
“မြန်မာနိုင်ငံသားတွေအတွက်ပဲ စီစဉ်ပေးတာပါ။ နိုင်ငံခြားသားတွေလုပ်ကိုင်လို့မရပါဘူး။ မူဝါဒအရကိုက ဒီလိုပါပဲ။ ကိုယ့်နိုင်ငံသားကို
ဦးစားပေးတဲ့သဘောပါ”ဟုမြန်မာ့မီးရထားရုံး(စီးပွားရေးဌာန)တာဝန်ရှိသူတစ်ဦးကပြောသည်။
ငှားရမ်းမည့်သူများအား တင်ဒါစနစ်ဖြင့်ရွေးချယ်ငှားရမ်းပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများကိုသာငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလျှောက်လွှာဖောင်များအားတစ်စောင်လျှင် ငွေကျပ် တစ်သောင်း (၁၀၀၀၀)နှုန်းဖြင့်မန္တလေးဘူတာကြီး တိုင်းအမှတ်(၃)တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
“ဘူတာကြီးရဲ့အပေါ်ထပ်တွေကို ငှားရမ်းပေးသွားမှာပါ။ အခုဒီရုံးမှာတော့လျှောက်လွှာတွေ ရောင်းပေးနေပါတယ်။ ဒီနေ့ ၁၅ ရက်နေ့ကစပြီးရောင်းချပေးနေတာပါ။အခုချိန်ထိတော့ လျှောက်လွှာ(၂)စောင်ရောင်းချပေးပြီးသွားပါပြီ”ဟု မန္တလေးဘူတာကြီး တိုင်းအမှတ်(၃)မှလျှောက်လွှာရောင်းပေးသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။
ဌားရမ်းလုပ်ကိုင်လိုသူများမှာ လျှောက်လွှာတွင်ပါဝင်သော အချက်အလက်များကိုပြည့်စုံစွာဖြည့်၍ နေပြည်တော် ဘူတာကြီးရှိ (အထွေထွေမန်နေဂျာ-အင်ဂျင်နီယာစီမံ)ရုံးသို့ သြဂုတ်လ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ပေးပိုသွားရမည်ဖြစ်သည်။
“နှစ်ရှည်လုပ်နိုင်မယ့်သူတွေကို ဦးစားပေးသွားမယ်။ ဒါပေမယ့်ခုချိန်ထိတော့ ဘယ်နှစ်နှစ်လုပ်ကိုင်ရမယ်တို့ ငှားရမ်းခဘယ်လောက် ဆိုတာ တို့တော့ မသိရသေးပါဘူး”ဟု ဟုမြန်မာ့မီးရထားရုံး(စီးပွားရေးဌာန)တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
မန္တလေးဘူတာကြီးသည် အထပ်(၆)ထပ်ရှိပြီး အကုန်လုံးကိုဌားရမ်းပေးသွားမည်မဟုတ်ပဲ၊ စတုတ္တထပ်၊ ပဉ္စမထပ်၊ ဆဋ္ဌမထပ်နှင့်
ခေါင်မိုးထပ်(အပေါ်ဆုံးထပ်) များကိုသာ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းနှင့်နှစ်ရှည်ငှားရမ်းလုပ်ကိုင်မည့် သူများကိုသာ ဦးစားပေး
ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။
“ဒီလိုမျိုး မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ဆိုတာနဲ့တင်ကျေနပ်ပါတယ်။ကိုယ့်နိုင်ငံသားတွေကိုလုပ်ကိုင်ခွင့် ပေးတာ ကောင်းပါတယ်။လက်ဝါးကြီးအုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ သေချာစီစစ်ပေးသင့်ပါတယ်”ဟု မန္တလေးမြို့ ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။