ယခုအပတ်တွင်ထုတ်ဝေသော ဂျာနယ်အများစု၌ လက်ပံတောင်းတောင်ဖြစ်ရပ်နှင့် ပတ်သက် ပြီး မကျေနပ်သံတွေ ပလူပျံဆဲပင်။ မန္တလေး၊ ကလေး၊ မြောင်းမြ၊ ရန်ကုန် စသည့်မြို့တို့တွင် သံဃာတော်ရော၊ လူပါဆန္ဒထုတ်ဖော်ဆဲ။ ထုတ်ဖော်သည့်နေ့တွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့၊ ၁၂-လေးခုဆုံသည့်အချိန်တို့ဖြစ်သည်။
တောင်းဆိုချက်တွေက “အကြမ်းဖက်ခံ သံဃာထု အတွက် သံဃာထုတစ်ရပ်လုံးကျေနပ်စေရန် နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာတောင်းပန် ရေး၊ အကြမ်းဖက်သံဃာထုနှင့် ပြည်သူလူထုအတွက် နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်အနေဖြင့် မှန်မှန်ကန်ကန်တာဝန်ယူပေးရေး၊ လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော ရဟန်းရှင်လူတို့အား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာဆန္ဒပြရဟန်းရှင်လူတို့အား အကြမ်းဖက်နှိမ်နင်းဖြိုခွင်းသော တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို ဖော်ထုတ်အရေးယူဆောင်ရွက်ပေးရေး” ဟူ သည့်အချက် ၄ ချက်ဖြစ်သည်။
ဖြစ်ရပ်အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် နိုင်ငံရေးပယောဂမကင်းသော သွေးထိုးလှုံ့ဆော်မှု များ ပါဝင်ပတ်သက်နေကြောင်း တွေ့ရသည်။ ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သည့် သံဃာနှင့် လူတို့ကို မပါဝင်သည့်သံဃာနှင့် လူတို့ဖြင့် အချိုးချကြည့်လျှင်၊ သို့မဟုတ် ရာခိုင်နှုန်းဖြင့်တွက်ကြည့်လျှင် ပါဝင် သည့်ပမာဏမှာ မပြောပလောက်ပေ။ သို့သော် ဆန္ဒဖော်ထုတ်သည့်သံဃာနှင့် လူတို့က ၎င်းတို့သည် သံဃာထုတစ်ရပ်လုံးကိုသော်လည်းကောင်း၊ လူထုတစ်ရပ်လုံးကိုသော်လည်းကောင်း ကိုယ်စားပြုသည့် အသွင်ဟန်ရေးပြင်လှုပ်ရှားနေကြခြင်းမှာ “ရယ်(ရီ)လိုက်ချင်ရဲ့ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော” ဟုသာဆိုရပေမည်။
သာဓကပြရလျှင် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Generation Wave အဖွဲ့က ဦးဆောင်ဆန္ဒ ဖော်ထုတ်ရာ၌ Generation Wave အဖွဲ့ဝင်များနှင့် ကျောင်းသားများအပါအ၀င် စုစုပေါင်းလေးဆယ် ကျော်သာရှိသည်။ သို့သော် “ယင်းဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုဌေးကြွယ်က ယခုဆန္ဒထုတ်ဖော်သူများ၏ဆန္ဒသည် ပြည်သူများ၏ဆန္ဒပင်ဖြစ်ကြောင်း” (မြန်မာ ပို့စ်ဂလိုဘယ်၊ အမှတ် ၈၉) ဟု မျက်နှာပြောင်တိုက်ကာ လျှာအရိုးမရှိတိုင်းပြောနေသည်မှာ အော့နှလုံး နာစရာပင်။ သူတို့အား အဘယ်ပြည်သူက အဘယ်အချိန်မှာ ကိုယ်စားလှယ်လွှဲစာပေးလိုက်ပါလိမ့်။ ဆင်ခြင်စရာပင်။
လက်ပံတောင်းတောင်ဖြစ်ရပ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက မုံရွာမြို့မှ ထေရ်ကြီးဝါကြီး ဆရာတော်များအားတောင်းပန်လျှောက်ထားခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃနာယကဆရာတော်ကြီး ၂၉ ပါးအားလျှောက်ထား တောင်းပန်ခဲ့သည်။ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒ န္တကုမာရဘိဝံသ ဆရာတော်ကြီးက ပုံပြင်နှစ်ပုဒ်ကို သာဓကဆောင်၍ တောင်းပန်သည့် အတွက်ခွင့်လွှတ်ကြောင်းနှင့် ယခုကဲ့သို့ထပ်မံမဖြစ်အောင် ရှောင်ကြဉ်ရန်လိုအပ်ကြောင်း သြ၀ါဒပေး ခဲ့ပြီးဖြစ်သည်။ ဤသို့တောင်းပန်သမှုပြုခဲ့သော်လည်း နိုင်ငံရေးလုပ်စားသူများက ပွဲဆူစေရန်ရည်ရွယ်၍ “ယင်းသို့ တောင်းပန်လျှောက်ထားရာတွင် မီးလောင်ဒဏ်ရာရရှိခဲ့သည့်သံဃာတော်များကို ၀န်ချ တောင်းပန်ခြင်းမရှိဘဲ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကိုသာ တောင်းပန်သဖြင့် မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ဝေဖန်သံများထွက်ပေါ်လျက်ရှိကြောင်းသိရသည်”(မြန်မာပို့စ်ဂလိုဘယ်၊ အမှတ်၈၉) ဟု နှပ်ကြောင်းပေးထားသည်ကို တွေ့ရသည်။ တာဝန်ရှိသူများက တောင်းပန်သဖြင့် ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်တိုင်ခွင့်လွှတ်ပြီး ထပ်မံမဖြစ်ပွားအောင် သြ၀ါဒပေးခြင်းအပေါ် ဝေဖန်သံထွက်လာ သည့်အသိုင်းအ၀ိုင်းမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းတစ်ခုတည်းကဖြစ်ခြင်း၊ ထိုဝေဖန်သံ တစ်နည်းအားဖြင့် နှပ်ကြောင်းပေးလိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် အထက်ဖော်ပြပါတောင်းဆိုချက် ၄ ချက်ထွက်ပေါ် လာခြင်းဖြစ်ကြောင်း ဆက်စပ်သုံးသပ်တွေ့ရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် နေပြီဖြစ်ရာ မည်သို့ရလဒ်ထွက်ပေါ်လာမည်ကို စောင့်ကြည့်ရန် လိုအပ်သည်။ ယခုမူ ဤသို့မဟုတ်။ ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှုပပျောက်စေ ဖြစ်ရမည့်အစား ပြဿနာကို မီးထွန်းရှာနေကြခြင်း၊ သံဃာတော်အားလုံး၊ ပြည်သူအားလုံး၏ ကိုယ်စားလှယ်ပြောခွင့်ရပုဂ္ဂိုလ် လူပြိန်းကြိုက်ပြုမူပြောကြား နေကြခြင်းတို့မှာ စေတနာမမှန်ကြောင်း ထင်ရှားသည်။
ရဟန်းသံဃာတော်များ၏ အဓိကတာဝန်မှာ ဂန္ထဓူရ၊ ၀ိပဿနာဓူရဖြစ်ပြီး ရဟန်းကျင့်ဝတ်များ မှာ-“မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာ လည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ”ဖြစ်သည်။ ဤတာဝန်ထမ်းဆောင်၍ ဤကျင့်ဝတ်ကိုလိုက်နာ ရန် ကျောင်းတိုက်အသီးသီးရှိ ပဓာန နာယက ဆရာတော်ကြီးများက တပည့်ရှင်ရဟန်းတို့ကို သွန်သင် ဆုံးမကြမည်မှာမလွဲပေ။ ချိုးဖောက်သောတပည့်များကိုလည်း ရေဒဏ်/သဲဒဏ် စသည့်ဒဏ်များပေး၍ ထိန်းကျောင်းတည့်မတ်ကြမည်မှာ ယုံမှားဖွယ်ရာမရှိပါ။ ဓမ္မစက်ဖြင့် ထိန်းကျောင်းသည်ကို မလိုက်နာဘဲ ကျောင်းမှာမနေ ပြင်ပသို့ထွက်လေသောအခါ အာဏာစက်နှင့် တွေ့တော့သည်။ “လူမှာစည်းကမ်း၊ ရဟန်းမှာဝိနည်း၊ ရွာကြီးမှာစည်းရိုး” ဟူသောစကားကို အလေးမထားဘဲ ပျက်ရယ်ပြုကြသောအခါ ခက်ဖွယ်ကြုံရတော့သည်။
ထို့ကြောင့် နိုင်ငံရေးလုပ်စားသူများနှင့် ကိုယ်ကျိုးစီးပွားရှာ ငို့ဘသမားများက သာသနာ့ဝန်ထမ်း များကို လမ်းပေါ်ထွက်အောင် သွေးမဆောင်ပါနှင့်။ “လူ့အလိုနတ်မလိုက်နိုင်” ဆိုသည်ကိုလည်း မမေ့ပါ နှင့်ဟု သတိပေးလိုသည်။ ပြည်သူ့ကောင်းကျိုးအမှန်တကယ်လိုလားပါလျှင် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာမည့်နည်းလမ်းများ ရှာဖွေ၍ အပြုသဘော ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း အကြံ ကောင်းပေးလိုသည်။ စေတနာမမှန်လျှင် အကျိုးပေးမမှန်နိုင်ပါ။
မောင်မင်္ဂလာ(မောင်ကျောက်ခဲ အဖွဲ့)

1 ယောက် ဆွေးနွေးခဲ့တယ်:
ကိုဌေးကြွယ်အား ဒေါ်စနာမင်းမှ ကိုယ်စားလှယ်လွှဲစာ (SP) ပေးလိုက်တာ ဖြစ်မယ်။
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။