Aug 19, 2012

နာမည်ပျက်စာရင်း အသွင်းခံ ထိုင်းသတင်းစာဆရာများကို ပယ်ဖျက်ပေးမည်

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်အတွင်းက နာမည်ပျက်စာရင်း ထည့်သွင်းခံခဲ့ရသော ထိုင်းသတင်းစာဆရာ ၁၅ ဦးတို့၏ အမည်ကို အဆိုပါစာရင်းမှ ပယ်ဖျက်ပေးမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ကတိကဝတ်ပြု ပြောဆိုခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူကွန်ပိုဆူဝါတန့်၏ အတည်ပြုပြောကြားချက်ကို Bangkok Post သတင်းစာက ကိုးကားရေးသား ဖော်ပြသည်။ 

 သမ္မတဦးသိန်းစိန် အနေဖြင့် နာမည်ပျက်စာရင်း သွင်းခံထားရသော ထိုင်းသတင်းစာဆရာနှင့် သတင်းစာ ဆောင်းပါးရှင် ၁၅ ဦးတို့၏ အမည်စာရင်းကို ၎င်း၏ အာဏာပိုင်များထံမှ ရရှိပြီးသည်နှင့် တစ်ပြိုင်နက်တည်း ယင်းအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိမ့်မည် ဖြစ်သည်ဟု မစ္စတာဆူကွန်ပိုဆူဝါတန့်က ထိုင်းသတင်းထောက်များအား ပြောကြားသည်။ အဆိုပါ ကိစ္စသည် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်နိုင်ရေးအတွက် ဦးတည်ကာ လုပ်ကိုင်ပေးခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ ကာကွယ်ရေးဝန်ကြီး ဆူကွန်ပိုဆူဝါတန့် သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာ တရားဝင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာ ၎င်းနှင့်အတူ လိုက်ပါသွားသည့် ထိုင်းသတင်းထောက်များအား အဆိုပါကိစ္စကို ပြောဆိုခြင်းလည်း ဖြစ်သည်။

 

 သမ္မတဦးသိန်းစိန်နှင့် ထိုင်းကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံက နာမည်ပျက်စာရင်း သွင်းထားသော ထိုင်းသတင်းစာ ဆရာများကိစ္စ၊ မြေယာကျူးကျော်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ထိုင်းနိုင်ငံသား ၉၂ ဦးကိစ္စ၊ တရားမဝင်လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကိစ္စ အစရှိသည်တို့ အပါအဝင် များစွာသော အရေးကိစ္စများကို ဆွေးနွေး ညှိနှိုင်းခဲ့သည်။ ယခင်မြန်မာနိုင်ငံ တပ်မတော်အစိုးရသည် ထိုင်းသတင်းစာ ဆရာနှင့် ဆောင်းပါးရှင် ၁၅ ဦးတို့အား အစိုးရအပေါ် မထီမဲ့မြင်ပြုခြင်း၊ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆောင်းပါးများ ရေးသားခြင်း အစရှိသည့် စွပ်စွဲချက်ဖြင့် ၂၀၀၂ ခုနှစ်တွင် အမည်ပျက်စာရင်း သွင်းခဲ့သည်။ 

အဆိုပါ ၂၀၀၂ ခုနှစ်တွင် ထိုင်းနှင့်မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံသည် ထိုင်းမြောက်ပိုင်း နယ်စပ်ဒေသ ကိစ္စကြောင့် ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့သည်။ ထိုစဉ်က ရှမ်းပြည်နယ်တွင် ‘ဝ’ ညီညွတ်ရေးတပ်ဖွဲ့၏ မူးယစ်ဆေးဝါး ထုတ်လုပ်သူများ၏ နောက်ကွယ်တွင် မြန်မာအစိုးရ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောဆိုခဲ့သည်

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ