Jan 26, 2012

မင်္ဂလာတောင်ညွန့် မြို့နယ် ကူးတို့ဆိပ် ရပ်ကွက် မီးလောင် ပေါက်ကွဲမှု အဓိက အကြောင်းအရင်း စစ်ဆေး တွေ့ ရှိပြီ

သာမန် မီးလောင် ပေါက်ကွဲမှုထက် ကျော်လွန်ကာ ရန်ကုန် တစ်မြို့လုံး နီးပါး တုန်ခါ ခဲ့ရပြီး မီးသတ် တပ်ဖွဲ့ဝင် ငါးဦးနှင့် အရပ်သားများ သေကျေ ခဲ့ရသည့်အပြင် လူပေါင်းများစွာ ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့သည့် မင်္ဂလာ တောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက် မီးလောင် ပေါက်ကွဲမှု ဖြစ်ရပ်မှန်အား ပြည်သူများက စိတ်ဝင်စား နေကြသည်။ သိချင် နေကြသည်။ ယခုအခါ မီးလောင် ပေါက်ကွဲရခြင်း၏ ဖြစ်ရပ်မှန်ကို ဖော်ထုတ် ရရှိခဲ့ပြီ ဖြစ်သည်။
                            
 

ဖြစ်စဉ်မှာ ဂိုဒေါင်အမှတ် (၈ဝ)က မီးစတင် လောင်ခဲ့ပြီး ဂိုဒေါင်အမှတ် (၇၉)သို့ မီးကူးကာ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထိုမီးလောင် ပေါက်ကွဲမှု အဖြစ်မှန် ဖော်ထုတ် နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ စုံစမ်း စစ်ဆေးရေး အဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာန အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ စုံစမ်း စစ်ဆေးရေး အဖွဲ့၊ အခြား သက်ဆိုင်သော အဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာ ဂိုဒေါင်များအား ငှားရမ်း အသုံးပြု ပစ္စည်းသို လှောင်ထားသူများ၊ သက်ဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများအား တွေ့ဆုံ ခေါ်ယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးစတင် လောင်ကျွမ်းမှုမှာ အီလက်ထရွန်နစ် ပစ္စည်းများ သိုလှောင်ထားရာ ဦးမျိုးသန့်၏ ဂိုဒေါင်အမှတ် (၈ဝ)တွင် အင်ဗာတာ ခလုတ်များ၊ ဝရိန်ဆော်သည့် လျှပ်စစ် ပစ္စည်းများကို ပြန်မပိတ်မိဘဲ ထားသွားရာမှ အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းမှု ဖြစ်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ဆိုသည်။ ထို့နောက် ယင်းဂိုဒေါင်နှင့် ကပ်လျက် ပရဆေးနှင့် ဓာတုဗေဒ ပစ္စည်းများ သိုလှောင်ရာ ဦးမောင်မောင်ဝင်း၏ ဂိုဒေါင်အမှတ် (၇၉)သို့ မီးကူးစက် ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ယင်းနောက် အလွန် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။
 


စစ်ဆေးရေး အဖွဲ့က ဦးမောင်မောင်ဝင်းအား စစ်ဆေးမှုပြုခဲ့ရာ ၄င်းသည် ပရဆေး ရောင်းဝယ်မှု တစ်ခုတည်းကိုသာ

အဓိက လုပ်ကိုင်နေရာမှ အမြတ်အစွန်း များပြားစွာ ရရှိသည့် ယမ်းစိမ်း (ပိုတက်ဆီယမ် နိုက်ထရိတ်)၊ တရုတ် ယမ်းစိမ်း (ပိုတက်ဆီယမ် ကလိုရိတ်)၊ ပုလဲ ဓာတ်မြေသြဇာ (အမိုးနီးယမ်နိုက်ထရိတ်)၊ ဆေးဒန်း/ ကန့် (အာဆင်းနစ်ဆာလဖိတ်/ ရက်ဒ်ဖော့)စသော ဓာတုဗေဒ ပစ္စည်းများအား အိန္ဒိယ၊ ထိုင်း၊ တရုတ် နယ်စပ်တို့မှ တင်သွင်း ရောင်းဝယ် ဖြန့်ဖြူးမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ဆိုသည်။

မီးလောင်ချိန်တွင် ဂိုဒေါင်အမှတ် (၇၉)အတွင်း၌ ဓာတုဗေဒ ပစ္စည်းတန်ချိန် ၁ဝ၇ ဒသမ ၇၄၂ တန်၊ ပရဆေး ပစ္စည်းမျိုးစုံ တန်ချိန် ၈၈ ဒသမ ၆၅၂ တန် သိုလှောင် ထားရှိကြောင်း သိရသည်။ ထိုသို့ ဓာတုဗေဒ ဆေးပစ္စည်းများ၊ ပေါက်ကွဲ စေတတ်သည့် ယမ်းများအပါအဝင် အချို့ ပစ္စည်းများအား တရားမဝင် သိုလှောင် ထားမှုကြောင့် မီးအရှိန်ဖြင့် ဓာတ်ပြုပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရကြောင်း စုံစမ်း သိရှိရသည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကူးတို့ ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်အား တွေ့ဆုံ မေးမြန်း ကြည့်ရာတွင် ''အစက ဒီဂိုဒေါင် တွေထဲမှာ ဘာတွေ သိုလှောင်ထားမှန်း မသိခဲ့ပါဘူး၊ တကယ်တော့ ဒီဂိုဒေါင်တွေက ဌာန တစ်ခုက ပိုင်တဲ့ ဂိုဒေါင်တွေပါ၊ အငှား ချထားတာပါ။ ဟုတ်ပါတယ်၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့တွေက တရားဝင် ခေါ်ယူ မေးမြန်း ခဲ့ပါတယ်။ နောက်အခြား အဖွဲ့တွေကလည်း ဒီလိုပဲ လာရောက် စုံစမ်း မေးမြန်း မှုတွေ ပြုခဲ့ပါတယ်'' ဟု ပြောကြား ပေးသည်။

မင်္ဂလာ တောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်မောင်မောင်အောင် (အမှုစစ်)က ''ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ဂိုဒေါင် အမှတ်(၈ဝ)ကို ငှားရမ်း အသုံးပြုခဲ့တဲ့ ဦးမျိုးသန့်နဲ့ စာရေး ကိုသန်းထွန်း၊ နောက်တရားမဝင် ဓာတုဗေဒ ပစ္စည်းတွေ

သိုလှောင် ထားတဲ့ ဂိုဒေါင် အမှတ်(၇၉)ကို ငှားရမ်း အသုံးပြုခဲ့တဲ့ ဦးမောင်မောင်ဝင်းတို့ကို အခုလောလောဆယ် ပ-၇၇၈/၂ဝ၁၁၊ ပုဒ်မ- ၂၈၅/ ၂၈၆/ ၃၃၈/ ၃ဝ၄(က)နဲ့ အရေးယူ ထားပါတယ်။ အသေးစိတ် ထပ်မံ စစ်ဆေး ပြီးတဲ့အခါ ပေါ်ပေါက် လာတဲ့ ပြစ်မှုတွေ အပေါ် အမှုကို ခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေနဲ့ အညီ အရေးယူ နိုင်ဖို့ ဆောင်ရွက် သွားမှာပါ'' ဟု မြန်မာ့အလင်း သတင်းအဖွဲ့အား ပြောကြားခဲ့သည်။


ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး ပျက်စီးသွားသော အိမ်အဆောက်အအုံ များအား လှည့်လည် ကြည့်ရှု ဓာတ်ပုံရိုက်ရင်း စနည်းနာ ကြည့်ရာ အသက်(၇ဝ)ကျော် အဘတစ်ဦးက ''ဖြစ်တာတော့ ဖြစ်ပြီး သွားပါပြီ၊ ဒါပေမယ့် နောင်ကို အခုလို ဓာတ်ပြု ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းမျိုး တွေဆိုရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေအနေနဲ့ သေသေ ချာချာ စစ်ဆေးပြီး လူနေတဲ့ အရပ်နဲ့ ဝေးရာမှာပဲ သိုလှောင်ခွင့် ပြုပါလို့ အဘကိုယ်စား အကြံပြုပေးပါ လူလေးရယ်''ဟု ပြောကြား ခဲ့ပါကြောင်း....။


(၂၀၁၂ ခုနှစ်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ - ၅ စာရေးသူ တင်ဝင်းလေး၏ သတင်းအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ