ကျွန်တော်တို့ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ
ကျွန်တော်သဘောကျတာ တစ်ခုရှိတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့
အဖွဲ့လေးဖွဲ့လောက်ရှိတယ်။ ကွင်းထဲပတ်လျှောက်ကြ၊ ကိုယ့်အစီအစဉ်နဲ့
လေ့ကျင့်နေကြတဲ့သူတွေ ရှိတယ်။ လေ့ကျင့်ခန်းလုပ်တာက တရုတ်သီချင်းနဲ့တူပါရဲ့။
စစချင်းတုန်းက တစ်ဖွဲ့လောက်ရှိရာကနေအခုအဖွဲ့ သုံးဖွဲ့လောက်ဖြစ်လာတယ်။ Cha
Cha ကနေတဲ့ အဖွဲ့လည်းရှိတယ်။ အဲဒီအဖွဲ့ကတစ်လတစ်ခါလောက် လူသစ်တွေကို
အခမဲ့သင်ပေးတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့တွေထဲမှာ ကိုယ်မီတဲ့အဖွဲ့ထဲဝင်လုပ်နိုင်တယ်။ ကျွန်တော်ကရောက်တာ နောက်ကျတတ်တော့ အဲဒီအဖွဲ့လေ့ကျင့်ခန်းလုပ်လို့ပြီးသွားတာနဲ့ တိုးတတ်တယ်။ နောက် နှစ်ဖွဲ့သုံးဖွဲ့လောက်ကျန်တယ်။ ကြိုက်တဲ့ အဖွဲ့ထဲသွား၊ မီတဲ့နေရာကဝင်လုပ်၊ မောင်ရင်ကြိုက်တဲ့နေရာကနေထွက်၊ ဘယ်သူမှ ဘာမျှမပြောကြပါဘူး။
လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တဲ့သူတွေက စုပေါင်းပြီး ဝါဆိုသင်္ကန်းကပ်တာ၊ ကထိန်သင်္ကန်းကပ်တာတွေလည်းလုပ်ကြတယ်။တစ်ခါတလေလည်းစုပေါင်းပြီး ခရီးထွက်တာတို့၊ ညစာစားတာတို့၊ အလှူအတန်းလုပ်တာတို့လည်း ရှိကြတယ်။ ကိုယ့်ဘာသာကိုယ် မအားလပ်တော့၊ အဲဒီ အစီအစဉ်တွေမှာ ဝင်မပါနိုင်ပါဘူး။
လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်မျိုးစုံ။ အများအားဖြင့်တော့ တရုတ်အနွယ်ဝင်တွေ၊ လူလတ်ပိုင်းနဲ့အထက်ပေါ့။ လူငယ်တော့နည်းပါတယ်။ တချို့လူလတ်ပိုင်းတွေကခက်သွက်သွက်ကတယ်။ လူကြီး ပိုင်းကနှေးတယ်။ မောရင် ရပ်တယ်။ ကိုယ့်အတိုင်းအတာနဲ့ကိုယ်ပေါ့။
အခုလို ကိုယ့်အတိုင်းအတာနဲ့ ကိုယ်၊ ကိုယ်လုပ်နိုင်သလောက်လုပ်၊ ကိုယ့်အရှိန်နဲ့ကိုယ်လုပ်၊ အရေးကြီးတာက လှုပ်လှုပ်ရှားရှားရှိနေဖို့၊ ကျန်းမာဖို့ မဟုတ်လား။ ဘယ်သူ့နည်းနဲ့ လုပ်ရမယ်။ ဘယ်နည်းကမှန်တယ်။ ဘယ်နည်းကမှားတယ်လို့မရှိ။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ကြီးသူ ငယ်သူ၊ ပိန်သူ ဝသူ၊ ဖြူသူ မည်းသူမရှိဘူး။ တစ်ခုပဲ လေ့ကျင့်ခန်းအတွက် သိချင်တာတွေက တရုတ်လေ့ကျင့်ခန်း (ထိုက်ချိ ထင်ပါရဲ့) သီချင်းပဲရှိတယ်။ အင်္ဂလိပ်သီချင်းနဲ့ Cha Cha ကတယ်။ ကျန်တာမကြားမိ၊ ဒါလည်း ပြဿနာမရှိ။
လမ်းလျှောက်ပြီးရင် အနားမှာ ဈေးပေါက်စနလေးရှိတယ်။ အများအားဖြင့် လမ်းလျှောက်တဲ့ ဘောင်းဘီတို့ အင်္ကျီတို့ရောင်းတယ်။ ဈေးသက်သာတယ်ထင်တာနဲ့ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊မိတ်ဆွေတွေအတွက် ဝယ်ပေးဖြစ်တယ်။ ဈေးမ၀ယ်တတ်တဲ့ကျွန်တော်ဆို နှစ်နေရာပဲဈေးဝယ်တတ်တာ။ တစ်နေရာက ကျွန်တော့်တပည့်တစ်ဦး ရောင်းတဲ့ဆိုင်၊ ဈေးမကြီးတာရယ်၊ ကျွန်တော်နဲ့ လိုက်ဖက်တဲ့အဝတ်အထည်တွေ ရွေးပေးတတ်တာရယ်၊ ပြီးတော့ ပိုက်ဆံမပါလည်း ဖြစ်တာရယ်ကြောင့် ကျွန်တော်သူ့ဆိုင်မှာ အမြဲဝယ်ဖြစ်တယ်။ နောက်တစ်နေရာကတော့ အခုလမ်းလျှောက်တဲ့နေရာပါ။ ဒါတောင်တပည့်တချို့က ဟိုဟာ မဝယ်နဲ့ ဒီဟာမ ၀ယ်နဲ့ဆိုပြီး ပိတ်ပင်တဲ့အခါလည်း ရှိတယ်။
ပြီးရင် နီးစပ်ရာနီးစပ်ရာကားနဲ့ ဖြစ်ဖြစ်၊ ခြေကျင်ဖြစ်ဖြစ်သွားလို့၊ ဆိုင်တွေပြောင်းပြောင်းပြီး နံနက်စာစားကြတယ်။
ကျွန်တော်နဲ့ မိတ်ဆွေတစ်ယောက်နှစ်ယောက်ကတော့ မန္တလေးမုန့်တီစားတယ်၊ အာလူးပူတီ စားတယ်။ ရွှေတောင်ခေါက် ဆွဲစားတယ်။ ကိုငွေရဲ့ ရွှေဥမုန့်ဟင်းခါး စားတယ်။ ပြီးရင် ဂျာနယ်စုံဝယ်လာတဲ့ ဆရာကြီးတစ်ယောက်နဲ့ မြစပယ်ထမင်း ကြော်စားချင်စား၊ နို့စိမ်း လက်ဖက်ရည် သောက်ကြတယ်။
ပြဿနာက ကျွန်တော်တို့ တစ်ယောက်တည်း နှစ်ယောက်တည်းဆို သူကရှင်းလိုက်၊ ကိုယ်ကရှင်းလိုက်နဲ့ ပြဿနာ မရှိဘူး၊
ဒါပေမဲ့ ကျွန်တော့်မိတ်ဆွေရဲ့ မိတ်ဆွေတွေပါလာတဲ့အခါကျ ခက်ရော။ သူတို့ကပြောလိုက်ရင် အမြင့်ကြီးတွေချည်းပဲ။ ကိုယ်လက်လှမ်းမမီတဲ့ ပြည်ပခရီးတွေ၊ အသုံးအဆောင်တွေအကြောင်း ပြောတတ်ကြတယ်။ ဆိုင်တွေကို Complaint အများဆုံး လုပ်တတ်ကြတာလည်း သူတို့ပဲ၊ ဟိုဟာလေးလုပ်ပေးဦး၊ ဒီဟာလေးလုပ်ပေးဦး၊ ဟိုဟာလိုသေးတယ်။ ဒီဟာလိုသေးတယ်နဲ့လုပ်ကြတယ်။ တောင်းဆိုစရာရှိတာကို အားမနာဘဲတောင်းဆိုတတ်ကြတယ်။ ဒါပေမဲ့ပိုက်ဆံချေတဲ့ အလှည့်ရောက်တော့ကိုယ် စားတာသောက်တာပဲ မဟုတ်သလို ငုတ်တုတ်ထိုင်နေတတ်တာက တစ်ခါမဟုတ် နှစ်ခါမဟုတ်။ ကျွန်တော့်မိတ်ဆွေ ကိုငွေကတော့ ဒီအရပ်ကလူတွေကဒီလိုပဲတဲ့။
********************************************************

ကဲဗျာ စကားလုံးအကြီးကြီးတွေပြော၊
တောင်းဆိုစရာရှိရင် အားမနာတမ်းတောင်းဆို၊ ကိုယ့်အလှည့်ကျ
ကိုယ်စားတာသောက်တာအတွက်တောင် တာဝန်မယူတဲ့သူတွေနဲ့ ဒီမိုကရေစီခရီးကို
လျှောက်လှမ်းရမှာလားဗျာ။
********************************************************
ဆ၇ာသမားက ဘယ်သူကိုတင်းပြီးစောင်းရေးတယ်မသိဘူး.
ဘလော့ဂါကတော့နောက်ဆုံး၂ပိုဒ်ကိုသဘာကျလို တင်လိုက်ပြီဗျာ
************************************************
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။