Jan 18, 2013

ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ – Mr. Goat on the line of duty

တနေ့တ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။

အများစုသော ကိုယ်စားလှယ်များနည်းတူ လွှတ်တော်တွင် ငိုက်မျဉ်းလေ့ရှိသည့် သတင်းထောက်ကြီး ရန်လိုကျွဲလည်း အတွေ့အကြုံများအရ ဤဆွေးနွေးချက်သည် အင်မတန့်အင်မတန် အရေးပါကြောင်း သဘောပေါက်လေ၏။

ရန်လိုကျွဲ မှန်ပေသည်။ ဒေါက်တာဆိတ်ဖွားကို အသေရရ အရှင်ရရ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် အမှုဆင်ရေးအဆိုကိုမဲခွဲကြရသည်အထိငြင်းခုံချက်ကပြင်းထန်သည်ကိုတွေ့ရ၏။မည်သူမည်ဝါမှန်းမသိရသူ၊ မည်သည့်ဒေသတွင် နေထိုင်မှန်း မသိရသူကို မည်သို့ စုံစမ်း အရေးယူမည်နည်း ဟု ယူဆသော အမတ်မင်းတစ်ချို့က ပြန်လည် ငိုက်မျဉ်းစ ပြုလာကြ၏။မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ကြီးကား စိုစိုပြေပြေ ရှိလာလေသည်။ အမတ်မင်းတချို့က ပြုံးစိစိ။ တချို့က ငုံးတိတိမုတ်ဆိတ်ကျင်စွယ်ကို ပွတ်သပ်ပြီး ဒေါသကို ထိန်းချုပ်ထားကြသည်၊ ငါတို့လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဟု ကြိမ်းဝါးသူလည်း ရှိပေ၏။ဗိုလ်ချုပ်လေးခင်ညွန့်တို့ကွန်ရက်ကို တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ပြန်လည်ပေးအပ်ပြီး ဒေါက်တာဆိတ်ဖွား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်ရန် အဆိုပြုသင့်ကြောင်း တိုင်ပင်သူတို့က တိုင်ပင်ကြ၏။

 ရန်လိုကျွဲလည်း လွှတ်တော်တွင်း နိုင်ငံ့အရေး အထူးကြိုးပမ်းချက်များအကြောင်း အွန်လိုင်းမှ တဆင့် ချက်ချင်းပင် လက်တို့လိုက်ရာ အွန်လိုင်းမိတ်ဆွေတို့က ချက်ချင်းပင် တုံ့ပြန်လေသည်။ပထမဆုံး ရောက်လာသည့် တုံ့ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် ခန့်ခန့်ငြားငြားရှိသော မြန်မာသတင်းသမား တစ်ဦးထံမှ ဖြစ်လေ၏။ သူရရှိသော သတင်းသည်ကား ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ထွက်ပြေးပြီ ဟူသော သတင်းဦးပင် ဖြစ်တော့၏။

လွှတ်တော်အမတ်တို့ ၀ိုင်းဝန်း အရေးယူရန် ကြုံးဝါးနေသဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည့်အရာမှာ ထိုသို့ ထွက်ပြေးခြင်းပင် မဟုတ်လော။ ဒေါက်တာဆိတ်ဖွားကား နှယ်နှယ်ရရ မဟုတ်ချေ။
သတင်းအချက်အလက်မှာ ခိုင်လုံ၏။  ဒေါက်တာဆိတ်ဖွား ထိုင်းမြန်မာနယ်စပ် ရောက်လာသောကြောင့် ဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း၊ လေယာဉ်ကွင်းသို့ ပို့လိုက်ရကြောင်း၊ မယုံလျင် ဓာတ်ပုံကိုကြည့်ပါ ဟု ဆိုလာ၏။ ထိုဓာတ်ပုံကို ယခုစာစု၏ ထိပ်ဆုံးတွင် တွေ့နိုင်၏။အမေရိကန်ရောက် ညီလေး မောင်ရစ်ထံမှလည်းဒေါက်တာဆိတ်ဖွား သတင်းကို ဓာတ်ပုံနှင့်တကွ အမြန်ဆုံး ပို့မည်ဟု ဆိုသော မက်ဆိတ်ခ်ျ ရောက်လာ၏။
မောင်ရစ်မှာ အမည်နှင့်လိုက်အောင် ရစ်တတ်သော်လည်း ကတိတည်သူဖြစ်လေရာ ဒေါက်တာဆိတ်ဖွား၏ အပ်ဒိတ်သတင်း ဓာတ်ပုံနှင့်တကွ ရောက်လာသည်။
မောင်ရစ်၏ ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အားနည်းခြင်းကို သူပို့လာသော ပုံတွင် အထင်းသား တွေ့ရသည်။ ဒေါက်တာဆိတ်ဖွား၏ မျက်နှာကို ရိုက်ယူနိုင်ခြင်း မရှိချေ။ သို့သော်ငြား – လူမည်းရပ်ကွက်အတွင်း ဒေါက်တာဆိတ်ဖွား ရောက်သွားကြောင်း၊ ရုပ်ပြောင်းရုပ်လွဲ လုပ်ထားကြောင်း စသဖြင့် သူ၏ ဂျီတော့ မက်ဆေ့ခ်ျတွင် အတွင်းကျကျ ရေးထား၏။

မောင်ရစ်၏ သတင်းပို့ချက်ကို အတည်ယူရန် ခက်ခဲကြောင်း တွေးနေစဉ်မှာပင် ဒေါက်တာဆိတ်ဖွားက ဖေ့စ်ဘုတ်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။ သူ ရုပ်ပြောင်းရုပ်လွဲ တနာရီတမျိုး လုပ်နေကြောင်း၊ လွှတ်တော်အမတ်များ သူ့ခြေရာကို တွေ့ဖို့ ဆယ်နှစ်၊ ဆယ်နှစ် ကြိုးစားဖို့ လိုမည်ဖြစ်ကြောင်း ခပ်ကြွားကြွား ရေးထားရုံတင်မက ရုပ်ပြောင်းထားသည့် ဓာတ်ပုံကိုပင် တင်လိုက်သေး၏။
သို့သော်လည်း သူ၏ လုံခြုံရေးအတွက် သေနတ် ၂ လက်ကို သူကျက်စားသည့် လူမည်းရပ်ကွက် မှောင်ခိုဈေးမှ ၀ယ်ထားသည်ဟု ဆို၏။ သေနတ် တကားကားဖြင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးယူနေသည့် ပုံတစ်ပုံကိုလည်း ဖေ့ဘုတ်တွင် တင်လိုက်သေး၏။
ဒေါက်တာဆိတ်ဖွားကား အမတ်မင်းများရန်မှ အမှန်တကယ်ပင် လွတ်မြောက်သွားချေပြီဟု ထင်စရာ ရှိသည်။ သို့သော် ….

အမေရိကန်ရဲတစ်ကောင်က သေနတ်တကားကား ဒေါက်တာဆိတ်ဖွားကို ထိန်းသိမ်းလိုက်လေသည်။ အမှုကား … လိုင်စင်မရှိဘဲ သေနတ် ကိုင်သောအမှု ဟူ၏။အဆိုပါ ပုလိပ်က ဒေါက်တာဆိတ်ဖွားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းမှာ နိုင်ငံတကာ ရုပ်သံတို့က ထုတ်လွှင့်ကြသော ထိပ်တန်းသတင်းကြီး ဖြစ်၏။ဒုက္ခသီရိမြို့ရောက် အမတ်မင်းတချို့လည်း ထိုအခါတွင်မှ လက်ခမောင်း ခတ်လေသည်။အမေရိကန်နဲ့ ငါတို့ ဘယ်လို အချိတ်အဆက်ရှိလဲ မသိဘဲ အဲဒီကို ထွက်ပြေးတာ ဆိတ်ဖွားအမှားပဲ။ အိုဘားမားကိုယ်တိုင်တောင် ဒီကိုလာပြီး မိတ်ဖွဲ့ရတဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးအခင်းအကျင်း သိပ်ကောင်းနေပြီ။ ဒေါက်တာဆိတ်ဖွားကို မြန်မာပြည်ပြန်ပို့မှာ အသေအချာပဲ။ ဒီကောင်ရောက်လာရင် အရေခွံခွာပစ်မယ်။ အသားကို စင်းကောချက်ပြီး သောကြာည ပါတီပေးတဲ့အခါ အရက်နဲ့မြည်းမယ်၊ အရေခွံကိုတော့ လွှတ်တော်လှေကားမှာ ခင်းရမယ်ဟု ကြုံးဝါးသူက ကြုံးဝါး၏။

သို့သော်လည်း အမေရိကန်အစိုးရက ဒေါက်တာဆိတ်ဖွားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရသည်။
သူ့လွတ်မြောက်ရေးကို ဘလော်ဂါများ၊ ဖေ့ဘုတ်သုံးသူများမှအစခြံစည်းရိုးမရှိသတင်းစာဆရာများအဖွဲ့အထိ တောင်းဆိုကြသဖြင့် အိုဘားမားတို့က လွှတ်ပေးရခြင်းဖြစ်၏။ထို့ပြင်တ၀ အမေရိကန်အစိုးရက အရှည်ကို မျှော်တွေးပြီး ဒေါက်တာဆိတ်ဖွားကို စီအိုင်အေ အထူးအရာရှိအဖြစ်ခန့်အပ်လိုက်သေးသည်။အထက်ပါပုံမှာ စီအိုင်အေအရာရှိ သင်တန်းဆင်းပွဲမှဓာတ်ပုံ ဖြစ်ကြောင်း သိရ၏။ဒေါက်တာဆိတ်ဖွား ကိုယ်တိုင်သည်ကား  ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ရမည်လော၊ သို့တည်းမဟုတ် သူ၏ မိခင်အဖွဲ့အစည်းတွင်ပင် ဆက်လက် တာဝန်ယူပြီး ဆောင်းပါးများ ဆက်လက် ရေးသားရမည်လော ဆိုသည်များကို ဝေခွဲမရ ဖြစ်နေလေတော့သတည်း။
ရန်လိုကျွဲ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃

From:[_http://moemaka.com/?p=31246 _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ - (၁)
[First Lady = သမ္မတကတော်]

ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ စာကိုယ်မလာခင် နိဒါန်းလေးတော့ ပျိုးချင်ပါတယ်။

ကျွန်တော့်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆိုရင် ဖတ်ရတာဖြစ်စေ၊ သိထားတာလေး ပြန်ပြောတာမှာဖြစ်စေ အင်မတန် အရသာရှိလှပါတယ်။ ဗိုလ်ချုပ်ဟာ စက်ဘီးတောင် မစီးတတ်တာ၊ ဂျပန်ကိုတော်လှန်ဖို့ အင်္ဂလိပ်နဲ့ ဆက်သွယ်စဉ်မှာ "အောင်ဆန်းရာ၊ ငါတို့နိုင်တုန်းမို့ မင်းလာပေါင်းတာမဟုတ်လား" အမေးခံရတော့ "ဟုတ်တယ်၊ ခင်ဗျားတို့ ရှုံးနေတုန်းပေါင်းရင် ကျုပ်နိုင်ငံ အကျိုးရှိမှာမို့လား" ဆိုပြီး ဘွင်းဘွင်းကြီးပြောချလိုက်လို့ အင်္ဂလိပ်ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း က သဘောကျသွားတာ၊ ဗိုလ်ချုပ်ကို အထွဋ်အမြတ်ထားပြီး ကျင်းပတဲ့ ထမင်းစားပွဲကြီးမှာ ပွဲမစခင် ဟင်းတုံးနှိုက်စားပြီး စပ်ဖြဲဖြဲလုပ်နေတာ၊ နိုင်ငံရေးကို နောက်ဆံမတင်းဘဲ လုပ်နိုင်အောင် မိသားစုကိစ္စသုံးဖို့ ရွှေထုပ်ကြီးလာပေးတဲ့သူကို ဘုပြောပြီး အိမ်ပေါ်က မောင်းချတာ၊ ကိုယ့်အတွေးနဲ့ကိုယ် ငိုက်စိုက်ငိုက်စိုက်နဲ့ ဝင်သွားလို့ ဗိုလ်ချုပ်မှန်းမသိတဲ့ အစောင့်ရဲဘော်က မောင်းထုတ်တာ၊ အင်မတန်ဖင်ခေါင်းကျယ်တတ်တဲ့ အင်္ဂလန်ကို အသွားမှာ အဝတ်အစားကောင်းကောင်းမပါလို့ အိန္ဒိယရောက်မှ နေရူးက ဆင်ပေးလိုက်ရတာ၊ အိုဗျာ ... ပြောရရင်တော့ အများကြီးပါ။

အဲဒီလိုအကြောင်းလေးတွေ စီကာစဉ်ကာကြည့်လိုက်ရင် ဗိုလ်ချုပ်ကို ချစ်လာလိုက်၊ သနားသွားလိုက်၊ အားမလိုအားမရဖြစ်လိုက်၊ နှမြောတသဖြစ်လိုက်၊ လေးစားလိုက်၊ ဗိုလ်ချုပ်ကို နည်းနည်းလောက် အသက်ရှည်စေချင်လိုက်တာဆိုပြီး တမ်းတလိုက် ... အရသာအမျိုးမျိုးကို ခံစားရပါတယ်။ အားလုံးကို ချုပ်ပြီးကြည့်လိုက်ရင်တော့ ဗိုလ်ချုပ်ကို ကြည်ညိုတာဖြစ်ပြီး သူ့လိုမျိုး ကြည်ညိုလောက်စရာခေါင်းဆောင် မြန်မာပြည်မှာ ထပ်မပေါ်နိုင်တော့ဘူးလို့ ထင်မိပါတယ်။

တခါ ... ကျွန်တော် သတိထားမိတာက ဗိုလ်ချုပ်ရဲ့ အဲဒီအကြောင်းလေးတွေဟာ ဗိုလ်ချုပ်မရှိတော့တဲ့ အချိန်ကျမှ အနီးကပ်နေခဲ့တဲ့သူ၊ ကြုံခဲ့တဲ့သူတွေက ပြန်ဖောက်သည်ချလို့ လူအများသိကြရတာပါ။ သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း ဗိုလ်ချုပ်ကို တပြည်လုံးက ချစ်ခဲ့ကြတာပါပဲ။ ဗိုလ်ချုပ်မသေခင်မှာသာ ဒီအကြောင်းတွေကို ပြည်သူတွေသိခဲ့ရင် ဗိုလ်ချုပ်အပေါ် ထားတဲ့အချစ်ဟာ နောက်တစ်ပြန်မက တိုးခဲ့ကြဦးမယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ သေမှ ချစ်ရမှန်းသိတဲ့ ဥပမာတွေကလည်း အများသားလေ။

Anonymous said...

မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ - (၂)

ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ သေမှ/ မရှိတော့မှ ချစ်ကြရတဲ့အဖြစ်တွေ မြန်မာပြည်မှာ များခဲ့ပြီ။ ရှိနေတုန်းမှာ ချစ်ဖို့ကောင်းတာလေးတွေ ချစ်သင့်တယ်။ ချစ်ဖို့ကောင်းတာလေးတွေကိုလည်း အများသိအောင် ဖောက်သည်ချသင့်တယ်လို့ မြင်တယ်။

အဲဒီတော့ ကျွန်တော်ခေါင်းစဉ်တင်ထားတဲ့ အကြောင်းအရာကို အခုပြောပါတော့မယ်။ ခေါင်းစဉ်ထဲက ဖတ်စ်လေဒီ/သမ္မတကတော် ဆိုတာ သမ္မတကြီးဦးသိန်းစိန်ရဲ့ဇနီး ဒေါ်ခင်ခင်ဝင်းကို ပြောချင်တာပါ။ ဖြစ်စဉ်လေးကတော့ ဒီလိုပါ ...

အချိန်ကတော့ ၂၀၀၅ ခုနှစ်ထဲမှာပါ။ ဦးသိန်းစိန်ဟာ န.ယ.က အတွင်းရေးမှူး(၁)တာဝန် ယူထားရပါတယ်။ ဝန်ကြီးချုပ်က ဦးစိုးဝင်းပါ။ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး ရှင်းပြီးကာစအချိန်ပေါ့။ ဦးသိန်းစိန်ဟာ ကျန်းမာရေးကလည်း တော်တော်လေးမကောင်း၊ သူရဲ့ အထက်/ဘေး/အောက်ကလူတွေ လုပ်ဆောင်ပုံကလည်း သူ့ခံယူချက်၊ သူ့လုပ်ဆောင်ချက်တွေနဲ့ အစပ်အဟပ်မတည့်ဆိုတော့ အင်မတန်စိတ်ညစ်ပြီး အနားယူဖို့ စိတ်ကူးပါတယ်။ ဦးသိန်းစိန်က နားဖို့စိတ်ကူးပြီဆိုတော့ ဒေါ်ခင်ခင်ဝင်းကလည်း ရှေ့ဆက်မယ့်ဘဝခရီးမှာ မိသားစုဝမ်းရေးအတွက် အကြံထုတ်ရတော့တာပေါ့။ တပည့်တချို့နဲ့ တိုင်ပင်မိတဲ့အချိန်မှာ အန်တီကြီးက သူ မုန့်ဟင်းခါးတော့ ချက်တတ်တယ်။ ရှမ်းခေါက်ဆွဲချက်မယ့်သူ တစ်ယောက်လောက် ထပ်ရှာမယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဆိုင်ခန်းတစ်ခန်း လချုပ်နဲ့ငှါးပြီး ဆိုင်ဖွင့်မယ်လို့ အကြံရပါတယ်။

ခင်ဗျားတို့ကတော့ ရီနေကြမယ်ထင်တယ်။ ဦးသိန်းစိန်မိသားစု အဲဒီလောက်ထိ အခြေအနေဆိုးပါ့မလားဆိုပြီး။ ဒီမှာကိုယ့်လူ ... ခင်ဗျားသိအောင် ပြောပြမယ်။ ဦးသိန်းစိန်ဟာ တြိဂံဒေသ တိုင်းမှူးက လာတာ။ တိုင်းမှူးတစ်ယောက်ဟာ ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုရင် ကျောက်စိမ်းဒေသ မြောက်ပိုင်းတိုင်းရဲ့ တိုင်းမှူးဟောင်းတစ်ယောက်ဟာ ရန်ကုန်ကသူ့အိမ်ကြီးမှာ ကျောက်စိမ်းပြားတွေကို တအိမ်လုံးအပြည့် ကပ်ထားတယ်ဗျ။ ဦးသိန်းစိန်ကိုင်ခဲ့တဲ့ တြိဂံဒေသတိုင်းဟာ ကုန်သွယ်ရေးလမ်းကြောင်းရော၊ ဘိန်းရော၊ စိတ်ကြွဆေးရော စုံလို့ ... စုံလို့ ... ။ တိုင်းမှူးပြီးတော့ န.ယ.က အတွင်းရေးမှူးဖြစ်လာသေးတယ်။ သူဖြတ်သန်းခဲ့တဲ့ နေရာတွေဟာ သူသာစိတ်ရှိမယ်ဆိုရင် ကိုယ်တိုင်ဘာမှ လုပ်နေစရာမလိုဘူး။ မျက်နှာလေးလွှဲထားလိုက်ရုံပဲ။ သဘောပေါက်။ ဒါပေမယ့် ဦးသိန်းစိန်ဟာ အဲဒီလိုစိတ်မျိုး အရင်ကလည်း မရှိခဲ့၊ နားတော့မယ့်ဆဲဆဲမှာလည်း ရှိလာမှာ မဟုတ်ဘူးဆိုတာကို တသက်လုံးပေါင်းလာတဲ့ အန်တီကြီးက သိလို့ အခုလို မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးရတာပေါ့။

Anonymous said...

မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ - (၃)

အန်တီကြီးရဲ့အကြံ ဘာကြောင့်အကောင်အထည်မဖော်ဖြစ်တာလဲဆိုရင် ဘရွှေကြီးက ခွင့်မပြုတာနဲ့ ဦးသိန်းစိန်ဟာ မနားလိုက်ရပါဘူး။ ဒီနေ့ ကျွန်တော်ပြောချင်တဲ့ ဖြစ်ရပ်လေးဟာလည်း ဒါပါပဲ။

သိပ်မကြာသေးခင်က အဖြစ်လေးကိုလည်း ကြားမိလိုက်မယ် ထင်ပါတယ်။ ကလေးဆေးရုံမှာ လာတက်တဲ့ကလေးကို ဆေးရုံဆင်းသွားမှပဲ သမ္မတကြီးရဲ့မြေးမှန်း သိလိုက်ကြတယ်ဆိုတာလေ။ လူသိပ်မသိလိုက်တဲ့ အဖြစ်လေးတစ်ခုကို ပြောပြချင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ သမ္မတကြီးနဲ့ ဝန်ကြီးတချို့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ရောက်လာကြတယ်။ လူကြီးတွေအကုန်လုံး လေယာဉ်ပေါ်ကဆင်း၊ လာကြိုတဲ့ကားတွေနဲ့ အလျှိုအလျှို ထွက်သွားပြီးမှ သမ္မတကြီးရဲ့သမီးဟာ ကလေးချီပြီး လေယာဉ်ပေါ်က ကုပ်ကုပ်ကလေးဆင်း၊ နောက်ဘက်ကနေ တိတ်တိတ်ကလေး ထွက်သွားရတယ်။ ဒါတောင် သမ္မတကြီးက ကလေးငယ်ငယ် ကားနဲ့ဆင်းရင် ပင်ပန်းမှာကို သနားလို့ လိုက်ခွင့်ပြုပြီး ပါလာတာ။ အဲဒီကလေးကြီးပြီဆိုရင် အခုလို လိုက်ရဖို့ မမြင်ဘူး။

ခင်ဗျားတို့ဟာ သိပ်ကြီးမကြာသေးတဲ့ အဖြစ်အပျက်တွေကို မေ့မပစ်ကြပါနဲ့ဦး။ ရုပ်ဆိုး၊ ပုပ်သိုး၊ လိပ်ထော ဆိုတဲ့ သမီးတော်တွေ ကြီးစိုးမင်းမူခဲ့တာတို့၊ စိန်မျောက်မျောက်၊ ဖိုးလပြွတ် ဆိုတဲ့ မြေးတော်တွေ အထူးအခွင့်အရေးနဲ့ သောင်းကျန်းခဲ့တာတို့ဟာ ပြီးခဲ့တာမှ သုံးခါလည်တောင်မရှိသေးဘူးဗျ။ အဲဒီလိုလူစားတွေ ကမ္ဘာပေါ်က အပြီးတိုင် ပျောက်သွားပြီလို့များ ထင်နေကြပြီလား။ နောက်ထပ် ပေါ်မလာနိုင်ဘူးလို့များ ထင်နေကြပြီလား။ အဲဒီလိုခေတ်ကို ပြန်မရောက်ဖို့ ဆုတောင်းတဲ့အထဲမှာတော့ ကျွန်တော်လည်း ထိပ်ဆုံးကတစ်ယောက်ပဲဗျို့။

Anonymous said...

မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ - (၄)

ကျွန်တော်ဟာ ဒီအကြောင်းတွေကို သိထားပေမယ့် ချရေးစရာ ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ နာမည်ဝှက် (Fake Account)ကလည်း မရှိတာနဲ့ အများသိအောင် ထုတ်မပြောဖြစ်ခဲ့တာပါ။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလိုပဲ ... ရှိနေတုန်းမှာ ချစ်ဖို့ကောင်းတာလေးတွေအပေါ် ချစ်သင့်တယ်ထင်လို့ အခုလို အလျဉ်းသင့်တဲ့နေရာက တင်ပြရတာပါ။ ခင်ဗျားတို့ကတော့ ထင်မယ်။ ဒီကောင် ဦးသိန်းစိန်ရဲ့ တပည့် ဖော်လံဖားထဲက ဖြစ်မယ်ပေါ့။ တပည့်မဟုတ်ရပါဘူး။ သူတို့မိသားစုနဲ့ တစ်ခါမှ မပတ်သက်၊ မဆက်ဆံဘူးပါဘူး။ ဒါပေမယ့် ဒီလို စိတ်ထားကောင်းတဲ့သူတွေကို ဖော်လံဖားနေတယ် အပြောခံရရင်တော့ ခံနိုင်ပါတယ်ဗျာ။ စိတ်ဓာတ်အောက်တန်းကျတဲ့ သူတွေအောက်မှာ နှစ်ပေါင်းများစွာ ဖားခဲ့/ပြားခဲ့ရသေးတာပဲ။

ကဲ... မိတ်ဆွေ။ တကယ်လို့ အန်တီကြီး ဒေါ်ခင်ခင်ဝင်းသာ မုန့်ဟင်းခါးရောင်းဖြစ်ခဲ့ရင် ခင်ဗျား သွားစားမလား။ ကျွန်တော်ကတော့ သွားမယ်။ ဒီလောက် စိတ်ရင်းစိတ်ဓာတ် ကောင်းတဲ့သူတွေ ချက်တာပဲ ... ထည့်ရမယ့် အမယ်တွေကို ဘယ်ဟာမှ ခိုထားမှာ မဟုတ်ဘူး။ စေတနာဆိုတဲ့ အမယ်ကလည်း ပမာဏအများကြီးပါဦးမှာ။ အဲဒီဆိုင်သာ ဖွင့်ခဲ့ရင် ခင်ထွေးရီတို့၊ မြောင်းမြဒေါ်ချိုတို့တောင် ဒေဝါလီ ခံသွားရဦးမယ်။ ကျွန်တော်ကတော့ အကြော်နှစ်ခုလောက်ထည့်ပြီး အိုးဘဲဥ၊ ငါးဖယ်နဲ့ ကျကျနန စားပစ်မယ်။ ဟင်းရည်ကိုလည်း တစ်ပန်းကန်အပြည့်တောင်းပြီး သောက်ပစ်မယ်။ ပြီးရင် မီးဖိုချောင်ထဲအထိ ဝင်သွားပြီး ဟင်းရည်အိုး ကူမွှေပေးလိုက်ဦးမယ်။ ခင်ဗျားအနေနဲ့လည်း မီးဖိုထဲထိ မလိုက်ချင်ရင်တောင် မုန့်ဟင်းခါးကိုတော့ အားပေးချင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဟုတ်ရဲ့လား။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ