ကချင်ပြည်နယ် ဝိုင်းမော်မြို့ ၂၈ မိုင်အကွာ ချီဖွေသွားလမ်းပေါ်ရှိ ကျေးရွာဒေသများတွင် KIA မှ ဂိတ် ၅ ခုထားရှိပြီး ခရီးသွား ပြည်သူများထံ အတင်းအဓမ္မ္မ ငွေကောက်ခံနေကြောင်း သိရသည်။
ချီဖွေသွားလမ်းပေါ်ရှိ မန်ဝီး၊ ဒွမ်ဘန်၊ ခဝါန်၊ ရှဂေါ၊ မန်ဒေါင် (Man Dawng) နေရာများတွင် KIA တပ်များသည် ဂိတ်များချထား၍ ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းပြီး ဆိုင်ကယ်မောင်းနှင်သူများနှင့် ၄င်းတို့သယ်လာသည့် ပစ္စည်းများ အပေါ်မူတည်၍ ငွေကျပ် ၂၀၀၀မှ ၈၀၀၀ ထိ ကောက်ခံနေခြင်းဖြစ်ကြောင်း ခရီးသည်များပြောသည်။
ထိုသို့ကောက်ခံနေခြင်းကြောင့် ခရီးသွားပြည်သူလူထုများနှင့် အထူးသဖြင့် တနိုင်တပိုင် ဆိုင်ကယ်ဖြင့် ကုန်သယ် ရောင်းဝယ် နေသူများအတွက် ဂိတ်ကြေးပေးဆောင်ရာတွင် အခက်တွေ့စေကြောင်း ဆိုင်ကယ်ဖြင့် ကုန်သယ် နေသူ တစ်ဦးပြောသည်။
“ဂိတ်တိုင်းကို ၁၀၀၀ ဆီပေးရတယ်။ ဆိုင်ကယ် ကဆီသယ်ထားတော့ ၈၀၀၀ ပေးလိုက်ရတယ်။ ဘာမှမ ကျန်ဘူး။ အရမ်းခက်ခဲတယ်” ဟု ဆိုင်ကယ်သမား ဆိုသည်။ ယခုလို ကောက်ခံနေသောနေရာများသည် တစ်ရက် အတွင်း အသွားအပြန် သွားလာနိုင်သောဒေသဖြစ်ပြီး ပြည်သူများသည် ဆိုင်ကယ်ဖြင့် စားကုန်များ၊ ဆန်၊ ဓာတ်ဆီ၊ သံများ စသည့် ကုန်ပစ္စည်းများကို မြစ်ကြီးနားမှ သယ်ယူရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။ ချီဖွေလမ်း- မန်တောင် (Man Dawng)သွားလမ်းတွင် ကားလမ်းမရှိသဖြင့် ဆိုင်ကယ်ဖြင့်သာ ၎င်းကျေးရွာတွင် လိုအပ်သည့် ကုန်ပစ္စည်းများကို သယ်ယူရချိန် ငွေပေးဆောင်နေရခြင်းကြောင့် အခက်ခဲဖြစ်စေကြောင်း ကုန်သည်က ဆိုသည်။
“ပိုက်ဆံမပေးရင်တော့ မဖြတ်ခိုင်းဘူး။ ဒါမဲ့ ဘယ်သူမှမနေချင်ဘူးလေ… အဲဒါကြောင့် သူတို့တောင်းသလောက် ပေးပြီးသွားနေတာ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။ ဒွမ်ဘန်ဂိတ်တွင် ရှိနေသော KIA တပ်ဖွဲ့ဝင်များသည် တစ်နေ့လျှင် ကျပ် ၂၅၀၀၀ ကို တပ်ဖွဲ့အရာရှိထံ ပေးရပြီး ကျန်ရှိသော ငွေကို အသီးသီးမျှယူနေကြခြင်းဖြစ်ကြောင်း ၄င်းတို့နှင့် နီးစပ်သူ မျက်မြင် တဦးပြောသည်။ ကချင်ပြည်နယ်တွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား စစ်ပွဲများ စတင်ဖြစ်ပွားလာချိန်မှစ၍ KIA တပ်ဖွဲ့များသည် ထိုနေရာများတွင် ဂိတ်များချထားကာ ဖြတ်သန်းသွားလာသော ပြည်သူလူထုများထံ အခွန် ကောက်ခံ နေခြင်းဖြစ်ကြောင်း သိရသည်။
________________________________________________________________________

1 ယောက် ဆွေးနွေးခဲ့တယ်:
ကေအိုင်အေ တွေကလူဆိုးတွေပါဗျာ၊ ဂိတ်ကြေးကောက်မိုင်းထောင်၊ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီးစစ်တပ်က ၈ိတ်ထိုင်တာလုံခြုံရေးအရပါနော် :P
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။