
ရန်ကုန်တိုင်းဒေသကြီးရှိ လူနေရပ်ကွက်များအတွင်း ပေါက်ကွဲစေတတ်သောပစ္စည်းများ သိုလှောင်ထားမှုအား စစ်ရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။ စာရင်းကောက်ယူပြီးပါက အဆိုပါပစ္စည်းများအား အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် မည်ကဲ့သို့ ထားရှိရမည်ဆိုသည်ကို ညွှန်ကြားချက်ထုတ် ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။
''ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေလို့ဆိုရာမှာ ပရဆေးပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ပြီးတော့ အက်ဆစ်၊ ယမ်းစိမ်းတို့၊ ကန့်တို့လည်း ပါဝင်တယ်။ အဲဒီပစ္စည်းတွေက ဒီအတိုင်းခွဲထားရင် ဘာ မှမဖြစ်ပေမဲ့ တစ်ခုနဲ့တစ်ခု ပေါင်းစပ်လိုက်ရင် ဓာတ်ပြုပြီး ပေါက်ကွဲမှုတွေ ဖြစ်နိုင်ပါတယ်။ အခုလူနေရပ်ကွက်တွေထဲမှာ ဒီပစ္စည်းတွေ သိုလှောင်မှုတွေကို စာရင်းကောက်ခိုင်းထားပါတယ်။ စာရင်း ကောက်ပြီးရင် ဒီပစ္စည်းတွေကို ဘယ်လိုထားရမယ် ဆိုတာကို ညွှန်ကြားချက် ထွက်ရှိလာမှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှု တွင် ပရဆေးဂိုဒေါင်၊ ယမ်းစိမ်း၊ ကန့်များထားရှိသော ဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအခြေအနေများကြောင့် သိုလှောင်ထားမှုများကို စာရင်းကောက်ယူရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
''ဒီပစ္စည်းတွေကို ဘယ်လိုထားရမယ်ဆိုတာ ညွှန်ကြားချက်ထွက်ပြီးရင်တော့ အဲဒီတိုင်း လိုက်နာဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ ထားသို ခွင့်ပြုမယ်''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
''ကျွန်တော်တို့အနေနဲ့ မီးလောင်ပေါက်ကွဲတဲ့ ဂိုဒေါင်တွေထဲမှာ ဒီလိုပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေထားတယ်ဆိုတာ လုံးဝကို မသိခဲ့ပါဘူး။ သာမန်ပစ္စည်းတွေပဲ သိုလှောင်ထားတယ်လို့ ထင်ထားတာပါ'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။