တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စားသုံးသူများ နားလည်သည့် ဘာသာရပ်မဟုတ်သော အညွှန်းကိန်းများဖြင့် ပစ္စည်းတင်သွင်းမှုများ ရှိနေသောကြောင့် စနစ်တကျ စိစစ်နိုင်ရန် လိုအပ်နေပါသည်။
အထူးသဖြင့် စားသောက်ကုန်များ၌ ရက်လွန်မည့် expire date ကိုပင် ဖော်ပြထားခြင်း မရှိသောကြောင့် ပြည်တွင်းသို့ ၀င်ရောက်လာသော ပစ္စည်းများအား စိစစ်တင်သွင်းမှုများ ပြုလုပ်နိုင်ရန် Labeling Law ပြဋ္ဌာန်းရန် လိုအပ်နေကြောင်းလည်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။
“လက်ရှိမှာ ကျွန်တော်တို့နိုင်ငံကို တရုတ်ကတင်သွင်းလာတဲ့ ပစ္စည်းတွေမှာ သုံးစွဲရမယ့် အညွှန်းတွေကို တရုတ်လိုပဲ ရေးထားတယ်။ ကျွန်တော်တို့ နားမလည်ဘူး။ ကျွန်တော်တို့လည်း မဖတ်တတ်ဘူး။ စားသုံးသူ အများစုကလည်း နားလည်မှာ မဟုတ်ဘူး။ ဒါတွေကို စိစစ်တင်သွင်းနိုင်ဖို့ လိုအပ်နေပါတယ်” ဟုလည်း ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက "ရောင်းဝယ်ရေးမှာ အဓိက ကျန်းမာရေးအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတင်သွင်းမှုက အရမ်း အရေးကြီးပါတယ်။ မကြာခင်မှာ စားသုံးသူကာကွယ်ရေး ဥပဒေ (Consumer Law) ပြဋ္ဌာန်းတော့မယ်။ စားသုံးသူအတွက် အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်။ မူကြမ်း ရေးဆွဲပြီးနေပါပြီ။ ကျွန်တော် ထင်တယ်။ ဒီနှစ်ထဲမှာ ဥပဒေထွက်နိုင်မယ်လို့လေ။ ဒီဥပဒေထွက်လာရင် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူလည်းရင်ဆိုင်ရမယ်။ စားသုံးသူ ဘက်ကလည်း လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။ စားသုံးသူက မှန်မှန်ကန်ကန် သုံးစွဲဖို့လိုတယ်။ ပစ္စည်းမှာပါတဲ့ အညွှန်းအတိုင်း သေသေချာချာ ဖတ်ပြီးသုံးစွဲရမယ်။ တံဆိပ်တွေလည်း အရေးကြီးပါတယ်။ ဒီဥပဒေကို စီးပွားကူးသန်းက ဦးဆောင်ပြီးတော့ ပြည်သူတွေသိရှိအောင် ဆောင်ရွက်ရမယ်” ဟုလည်း ပြောကြားခဲ့သည်။
“ကုန်ပစ္စည်းတွေရဲ့ Packing က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့က သူများ နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းတော့မယ်ဆိုရင် ကျွန်တော်တို့ကို တောင်းဆိုတာက တရုတ်ကိုပို့မယ်ဆိုရင် တရုတ်လိုဘာသာပြန်ပြီး ထုတ်ရတယ်။ ဂျပန်ကိုပို့ရင် ဂျပန်စာသားပါရမယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာနစသဖြင့် ၀န်ကြီးဌာန တွေအနေနဲ့ ညှိနှိုင်းပြီး labeling Law ပြဋ္ဌာန်းသင့်တယ်။ လက်ရှိမှာလည်း FDA က သူတို့ဆီ လာရောက်စစ်ဆေးတဲ့ ဟာတွေမှာလည်း အညွှန်းတွေပါရမယ်ဆိုတာ ပါပြီးသားဖြစ်ပါတယ်”ဟု RUMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

1 ယောက် ဆွေးနွေးခဲ့တယ်:
loat thint nay dar kyar bar b byar
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။